နာဂဒေသတွင် ငွေကျပ် ၅ဘီလျံသုံးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို အကောင်အထည်ဖော်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသတွင် ငွေကျပ်၅ဘီလျံသုံးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံတော်အကြီးအကဲများက ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုပြီး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ နာဂဒေသအတွက် ၅ဘီလျံ သုံးပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍတွေကို မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကြည်ဝင်း ကပြောသည်။
တောင်သူများ၊ စိုက်ပျိုးသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်ကြရန် ကြီးကြပ်ဆောင်ရွက်နေပြီး ရင်းနှီးမြုပ်နှံရန် နိုင်ငံတော်က ပံ့ပိုးနေခြင်းဖြစ်သည့်အတွက် လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုကို ရကြမှာဖြစ်ကြောင်းသိရသည်။
“နာဂဒေသမှာ ပိုင်ဆိုင်မှုပြပါဆိုရင် ပိုင်တဲ့မြေယာမရှိကြပါဘူး။ နာဂဒေသ လဟယ်မြို့နယ်မှာဆိုရင် ပိုင်ဆိုင်မှု လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ မရှိတာတွေ တွေ့ရတယ်။ ရွေ့ပြောင်းတောင်ယာစနစ်ကနေ အမြဲတမ်း တောင်သူတွေ ပိုင်ဆိုင်ဖို့ တည်မြဲတောင်ယာစနစ်ကို အဓိထား လုပ်ရမှာဖြစ်ပါတယ်”ဟု ဦးအောင်ကြည်ဝင်း ကပြောသည်။
နာဂဒေသ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုအတွက် တစ်သီးမက သီးထပ်စိုက်ခြင်းများ၊ သီးညှပ်စိုက်ခြင်းများ ဆောင်ရွက်ရန်ရှိပြီး ယခုနှစ်မိုးစပါးအပြီး နေကြာသီးနှံ၊ ပဲပုပ်သီးနှံများ စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယာစပါးကို နိုဝင်ဘာလတွင်စိုက်ပြီး သီးထပ်အနေဖြင့် ရေရှိပြီး အစိုဓာတ်ပေးနိုင်မည့်နေရာများတွင် သီးထပ်စိုက်ပျိုးရန်လိုကြောင်း နာဂဒေသတောင်သူတစ်ဦး ကပြောသည်။
သီးထပ်စွမ်းအားနည်းခြင်းသည် တစ်သီးသာမဟုတ်ဘဲ နှစ်သီး၊ သုံးသီးစိုက်စားမည်ဆိုလျှင် ဒေသအတွက် ဖွံ့ဖြိုးလာမည်ဖြစ်သကဲ့သို့ နာဂဒေသတွင် နိုင်ငံခြားဝင်ငွေရသည့် ဝဥ၊ ထောပတ်သီးစသည်များကို ဒေသခံတောင်သူများ စိတ်ဝင်စားကြရာ အဆိုပါ သီးနှံများ စျေးကောင်းရရှိရန် အသေးစားလုပ်ငန်းများ ဆောင်ရွက်လျှင် အဆင်ပြေကြောင်း သိရသည်။
“ဒေသမှာစိုက်ပျိုးနေတဲ့ လက်ဖက်၊ ကော်ဖီတွေကို တိုးချဲ့စိုက်ရင် အောင်မြင်တဲ့ဒေသ ဖြစ်ပါတယ်။ ဝမ်းစာ ဖူလုံယုံသာမက ပိုလျံတာကိုရောင်းချဖို့ပြီး စားဝတ်နေရေးအတွက် ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ လိမ္မော် စတာတွေကို ဦးစားပေးစိုက်ပျိုးအောင် ဆောင်ရွက်နေပါတယ်” ဟု ဦးအောင်ကြည်ဝင်းကပြောသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/25/%e1%80%94%e1%80%ac%e1%80%82%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%81%8a%e1%80%99/