တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၆၈၉၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မော်တော်ယာဉ်ရပ်တန့်စစ်ဆေးရာမှ ငွေကျပ် ၆၈၉၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ခင်မောင်သိန်း မောင်းနှင်ပြီး မအီနွန်း၊ အိုက်တစ် နှင့် အိုက်လွတ် တို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅.၅၄ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၆၀၉၄ သိန်း)၊ အက်တက်စီဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် သိန်း ၈၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
စိတ်ပြောင်းဆေးဝါးနှင့်အတူ ဖမ်းဆီးမိသည့် ခင်မောင်သိန်း(၅၂)နှစ်၊ မအီနွန်း(၃၂)နှစ်၊ အိုက်တစ်(၂၈)နှစ် နှင့် အိုက်လွတ်(၂၄)နှစ် တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%90%e1%80%ac%e1%80%81%e1%80%bb%e1%80%ae%e1%80%9c%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-2/