မုံရွာကုန်စည်စျေးကွက်ထိုင်းနေ

သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးစီးဆင်းမှု အခက်အခဲကြောင့် မုံရွာကုန်စည်စျေးကွက်ထိုင်းနေ

မုံရွာကုန်စည်စျေးကွက်ထိုင်းနေ

ယခုလပိုင်းတွင် သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးစီးဆင်းမှု အခက်အခဲကြောင့် မုံရွာကုန်စည်စျေးကွက် သွက်သွက်လက်လက်မဖြစ်ဘဲ ထိုင်းနေကြောင်း မုံရွာကုန်စည်ဒိုင်အတွင်းရေးမှူး ကိုချမ်းဟိန်း ထံက သိရသည်။

“သယ်ယူပို့ဆောင်ရေးနဲ့ ငွေစီးဆင်းမှု ခက်နေတာတွေကြောင့်စျေးကွက် သွက်သွက်လက်လက်မဖြစ်ဘဲ ထိုင်းနေတယ်။ အညာဒေသကမြေပဲဆန်တွေ အခြေအနေသာရင်လာတယ်။ အဲဒီဒေသမှာတင် ဆီကြိတ်ပြီးရောင်းတယ်။ ပဲဖတ်နှမ်းဖတ်တွေက မုံရွာစျေးကွက်ကိုလာတယ်။ အရင်ထက်စာရင် မုံရွာစျေးကွက်ဝင်တာ လျော့တယ်”ဟု ကိုချမ်းဟိန်းကပြောသည်။

ဂယက်ထပြီးအုန်းအုန်းဖြစ်လျှင် စျေးဆွဲတင်သွားပြီး ဂယက်ငြိမ်သွားလျှင် စျေးပြန်ဆင်းလေ့ရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လကုန် စက်တင်ဘာလဆန်းက တက်သည့်စျေးနှုန်းထက် ယခုတွင် စျေးလျော့နေကြောင်း သိရသည်။

တစ်တင်းလျှင် ကျပ် ၅၀၀၀၊ ၆၀၀၀ခန့် လျော့သွားရာ မတ်ပဲက ကျပ် ၆သောင်းကျော်မှ ၅၈၀၀၀ ခန့် ဖြစ်ပြီး ပဲစဥ်းငုံက ၆၆၀၀၀ မှ  ၆၁၀၀၀ ဖြစ်သွားသည်။ နှမ်းညိုက ကျပ် ၈၂၀၀၀ မှ ၇၆၀၀၀ ဖြစ်သွားပြီး နှမ်းဖြူက ကျပ် ၁၀၀၀၀၀ မှ ၉၀၀၀၀ ဖြစ်သွားကြောင်းသိရသည်။

မုံရွာကုန်စည်စျေးကွက်ထိုင်းနေ

ယခုရက်ပိုင်း မုံရွာကို မြေပဲလုံးဆန်(ဆီဆန်) အဝင်များရာ တစ်ရက်လျှင် တစ်တင်းခွဲအိတ် ၅၀၀ မှ ၁၀၀၀ ကြား ဝင်နေပြီး စျေးက ယခုရက် နည်းနည်းပြန်ကျကြောင်း သိရသည်။ စျေးက တက်လိုက်ကျလိုက်ဖြစ်နေရာ ယခင်ရက်များက တစ်ပိသာ ၆၀၀၀ မှ ၅၀၀၀ ကျပြီး ၅၀၀၀ မှ ၅၅၀၀ ပြန်တက်ကာ အောက်တိုဘာ ၂၆ရက်နေ့က ၅၂၅၀ သို့ ပြန်ကျကြောင်းသိရသည်။

“မုံရွာကို ကနီနယ်၊ မုံရွာမြို့တောင်နယ်တွေကနေ မြေပဲဆန် ဝင်နေတယ်။ နေ့စဥ်တော့မဝင်ဘူး။ အခုရက် အဝင်ပါးသွားပြီ။ စက်တင်ဘာလလောက်ကတည်းက ဝင်နေတာပါ။ နေ့တိုင်းမဝင်ဘူး။ အထွက်က ဆီကြိတ်တဲ့သူ၊ ဆားလှော်လုပ်ငန်းကဝယ်တယ်။ တရုတ်လိုင်း မန္တလေးကဝယ်တယ်။ သွားလာရေးကြပ်လို့ မန္တလေးသမား အဝယ်လေးနေတယ်။ တရုတ်သမားက လမ်းကြောင်းရှင်းမှ ချောင်မှ ဝယ်တာပါ”ဟု ကိုချမ်းဟိန်း ကပြောသည်။

မြေပဲဆန်က ပေါ်ပင်ပေါ်ဖျားလောက် ယခုအချိန်အားမပါတော့ပေ။ စျေးကျရခြင်းသည် တရုတ်ဖက်အသွားလေးနေ၍ဖြစ်ပြီး အသွားအလာ ပြန်ကောင်းလျှင် စျေးလည်းပြန်ကောင်းနိုင်ကြောင်း မြေပဲဆန်ပွဲစားများထံက သိရသည်။

မိုးရာသီကပေါ်သည့် နှမ်းဖြူ၊ နှမ်းညိုများ မုံရွာစျေးကွက်သို့ဝင်လာပြီး ပဲတီစိမ်းအကြီး(အလုံးကြီး)၊ မတ်ပဲလည်း ဝင်နေသည်။ ယခုက ရာသီအသစ်ပေါ်ချိန်မဟုတ်ဘဲ လက်စသိမ်းချိန်ဖြစ်သည့်အတွက် သီးနှံစုံရှိတော့ရှိသော်လည်း အခြေအနေအရ နေ့စဥ် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/27/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%91/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 27, 2022 9:20 下午
下一篇 10月 30, 2022 9:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....