ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအတွက် အရန်ဆန်များ ထုတ်ရောင်းရန် စီစဉ်မည်
ဆန်စပါး ဈေးကွက်တွင် ပြီးခဲ့သည့် ဇွန်လက အကျဘက်သို့ ရောက်ရှိခဲ့ရာမှာ ဇူလိုင်လကုန်ပိုင်းတွင် ပြန်လည် မြင့်တက်လာခဲ့ရာ ဆန်စပါး ဈေးတည်ငြိမ်ရေးအတွက် အရန်ဆန်များ ထုတ်ရောင်းသွားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်စပါးဈေးကွက် တည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသော အစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များကို ဈေးကွက်အတွင်း အမြန်ဆုံး ရောင်းချမည်ဟုဆိုသည်။
“ကနဦးအစီအစဉ်အနေနဲ့ ၂၅ ရာခိုင်နှုန်းအဆင့် ၅၀ ကီလိုဂရမ် အိတ်ရေ ၅၀၀၀၀ ကို ဦးစွာရောင်းချမယ်။ လိုအပ်ရင် ထပ်မံဖြည့်ဆည်းရောင်းချဖို့အတွက် စီစဉ်သွားပါမယ်။ ဆန်စပါးအသင်းချုပ် အနေနဲ့က ဆန်ဈေးတည်ငြိမ်စေရေးနဲ့ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေဖို့ လိုအပ်တာတွေကို ပုဂ္ဂလိကအခန်းကဏ္ဍကနေ စီစဉ်တာဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဆန်ဈေးမှာ ဇူလိုင်လကထက် တစ်ပိုင်းလျှင် ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ ဝန်းကျင် အတက်ဘက်ရောက်သွားပြီး စပါးဈေးမှာလည်း ဈေးကျဆင်းချိန် ဇူလိုင်လဈေးကျဆင်းချိန်ကထက် စပါးတင်းတစ်ရာလျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ဈေးမြင့်တက်လာပြီး အမျိုးအစားအလိုက် ဈေးနှုန်းကွာဟမှုရှိသည်ဟု ဆိုသည်။
ဆန်စပါးသိုလှောင်မှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး သိုလှောင်ရုံမှတ်ပုံတင်မှုများ၊ သိုလှောင်ရုံစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီတိုင်း ဒေသကြီးတို့တွင် သိုလှောင်ရုံတစ်ခုလျှင် သတ်မှတ်သည့် စပါးတင်းသိုလှောင်ထားရှိမှုများနှင့် သက် ဆိုင်ကြောင်း ဆက်လက် ပြောကြားသည်။
လတ်တလောတွင် ဆန်ဖူလုံမှု အပြည့်အဝရှိပြီး ပိုလျှံဆန်များကို စနစ်တကျတွက်ချက်၍ ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် စပါးရိတ်သိမ်းချိန်၊ စပါးထွက်နေဆဲအချိန်ဖြစ်၍ ဆန်စပါးဈေးမှာ တည်ငြိမ်ရမည့်အခြေအနေ ဖြစ်ကြောင်း၊ ကောလာဟလများကြောင့် စားသုံးသူများကလည်း စိုးရိမ်သဖြင့် ဆန်ဝယ်ယူစုဆောင်းမှုများ မပြုလုပ်ဘဲ လိုအပ်ချက်ကိုသာ ဝယ်ယူသင့်ကြောင်း ဆန်စပါးအသင်းချုပ်က အကြံပြုနှိုးဆော်ထားသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/07/%e1%80%86%e1%80%94%e1%80%ba%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%90%e1%80%8a%e1%80%ba%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba/