မန္တလေးမှာ ဘိန်းဖြူများ ဖမ်းဆီးရမိ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် လမ်းလျှောက်လာသူတစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ၁၁၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၇၅ x ၇၆ လမ်းကြား၊ ၁၁၇ လမ်းတွင် လမ်းလျှောက်လာသူ ဇော်မိုးသက်(ခ)ကိုသက် အားစစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို နှင့် လက်ကိုင်ဖုန်း ၁ လုံး ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၂.၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၅၅၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ သိန်းရွှေ(ခ)ပါဆယ် အား ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းတွင် ဆီဘောက်ဆာယာဉ်နှင့်အတူ လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဇော်မိုးသက်(ခ)ကိုသက်(၂၇)နှစ် နှင့် သိန်းရွှေ(ခ)ပါဆယ်(၄၉)နှစ်တို့အား ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/