တရုတ်နိုင်ငံ ဟန်ကျိုမြို့သို့ ပညာတော်သင်သွားကြမည့် ကျောင်းသားများအား ပို့ဆောင်နုတ်ဆက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုမြို့သို့ ပညာသင်သွားရောက်ကြမည့် ကျောင်းသားကျောင်းသူများအား မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့ ကျဲ့ကျန်းစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာကောလိပ် ( Zhejiang Institute of Mechanical and Electrical Engineering-ZIME) တွင် စက်မှုအင်ဂျင်နီယာဒီပလိုမာ (၃) နှစ်သင်တန်းတက်ရောက်ရန် ပညာသင်သွားရောက်ကြမည့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းသားကျောင်းသူ (၁၀)ဦးတို့အား မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးထွန်း က စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံ အမှာစကားပြောကြား၍ နှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။
ကျောင်းသားကျောင်းသူများအနေဖြင့် ပညာသင်ပြီးဆုံး ချိန်တွင် အဆင့်မြင့်မြင့်ဖြင့် အောင်မြင်ပြီး ပြန်လည်ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ စာပေပညာသာမက တရုတ်နိုင်ငံ၏ ယဥ်ကျေးမှု၊ ဓလေ့၊ ထုံးစံ၊ အနုပညာ၊ အားကစားနှင့် ဒေသန္တရဗဟုသုတ တို့ကိုလည်း လေ့လာခွင့်ရရှိကြမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
အဆိုပါပညာတော်သင်ခရီးစဉ်များသည် ပြီးခဲ့သည့်နှစ်များက ကိုဗစ်ကပ်ရောဂါဘေးကြောင့် သွားရောက်နိုင်ခြင်းမရှိပဲ ၂၀၂၃ ခုနှစ်တွင်မှ ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့သဖြင့် ကျောင်းများဖွင့်လှစ်ကာ ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း အလုပ်အမှုဆောင် ဦးစိန်ညွန့် က ပြောသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%9f%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%99%e1%80%bc%e1%80%ad/