ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်၊ အရောင်းအဝယ်အေး
ဒေါ်လာဈေး၊ ယွမ်ဈေး မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။
စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ဒေါ်လာဈေး၊ ယွမ်ဈေး များ မြင့်တက်လာတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာသော်လည်း လက်ရှိမှာ အမြင့်ဈေးများဖြင့် ဈေးငြိမ်နေကြောင်း၊ လက်ကျန်နည်းလွန်းသည့် ပြည်တွင်းသုံးကုလားပဲများမှာလည်း ဈေးမြင့်ခြင်းမရှိသော်လည်း အရောင်းသမားများထုတ်ရောင်းမှသာ ဝယ်လို့ရကြောင်း၊ မြေပဲဆန်များမှာ အသစ်ဝင်ရောက်မှုများကြောင့် ဈေးကျဆင်းနေပြီး အရောင်းအဝယ်သွက်နေကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်ကပြောသည်။
“စက်တင်ဘာ ၁၂ ရက်ဝန်းကျင်က တက်လာတဲ့ ဒေါ်လာ ဈေး၊ယွမ်ဈေး မြင့်တက်လာတော့ ပို့ကုန်ပဲတွေ ဈေးမြင့်တက်လာပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန် ငြိမ်နေပါတယ်။ ပဲတီစိမ်းဈေးလည်း ကျဆင်းနေတာ ပြန်တက်မလာသေးပါဘူး။ ပြည်တွင်းသုံး ကုလားပဲကတော့ လက်ကျန် နည်းနေတော့ ရောင်းသမား ထုတ်ရောင်းမှ ဝယ်ရတာမျိုး ဖြစ်နေပါတယ်။ မတ်ပဲ၊ ပဲစင်းငုံတို့ကတော့ ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။ နှမ်းဈေးကွက်ကလည်း ဈေးငြိမ်နေပါတယ်။ မြေပဲဆန်တွေကတော့ အသစ်ဝင်တွေရှိသလို ဈေးမတက်ပေမယ့် အရောင်းအဝယ်သွက်နေပါတယ်” ဟု ၎င်းကပြောသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/21/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/