နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသူများပြားသဖြင့် ကြိတ်ကြိတ်တိုးတန်းစီနေရ
ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် မူဆယ်နှင့်အနီးတဝိုက်ကျေးရွာဒေသခံများသည် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသူ များပြားလာပြီး ဝင်ခွင့်ရရေး တိုကင်ရရှိရန် အလုအယက် ကြိတ်ကြိတ်တိုးတန်းစီကြိုးစားနေရကြောင်း သိရသည်။
နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်ခွင့်ရရန် တိုကင်ကြိုတင်ပေးသည့်စနစ်ကို ထားရှိသော်လည်း တရုတ်နိုင်ငံသို့ ၇ ရက် ဝင်ထွက်ခွင့်ပြုလုပ်နိုင်သည့် စိမ်းပြာကတ်ရရှိရေး တိုကင်ပေးမည့်နေရာကို ကြိုတင်ကြေညာခြင်းမရှိဘဲ ပေးချင်သည့်နေရာတွင် ပေးသည့်အတွက် တိုကင်ရယူရန်အတွက် အခက်အခဲများစွာဖြစ်ပေါ်နေရကြောင်းလည်း သိရသည်။
“စစ်ကြောင့်ပြေးနေရပါတယ်ဆို တုံကင်ရဖို့ကြောင့်လည်း ပြေးကြရပြန်ပြီ။ ဘယ်သူမှ အပြစ်မတင်တော့ပါဘူး။ မနေနိင်တဲ့ကိုယ်ကိုကိုယ်ပဲ အပြစ်တင်ပြီး နေနိုင်အောင် နေတတ်အောင်ပဲ ကြိုးစားရတော့မယ်။ ယနေ့မနက် ကုန်သည်ကြီးများအသင်းမှာ တုံကင်ပေးလို့ လာရောက်တန်းစီနေသူများ (၁၁)နာရီလောက်မှာ နေရာပြောင်းပြီး တုံကင်ပေးမယ် ပြောပါတယ်။ ငွေဆင်အိမ်ယာ-မြစ်ရွှေလီ စားသောက်ဆိုင်ရှေ့ဘက် ပေးမယ်ကြားလို့ အပြေးအလွာ သွားကြပြန်ပြီး ထမင်းအငတ်ခံ အိပ်ရေးပျက်ခံလာရောက်ကြသူများကြည့်ပြီး စိတ်မကောင်းဖြစ်ရ”ဟု လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်ကာ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းနှင့် ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မူဆယ်မြို့ပေါ်အထိ တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ဒေသခံအများအပြားသည် မူဆယ်မြို့နှင့်အနီးတဝိုက်ကျေးရွာများကို စွန့်ခွာပြီး တရုတ်နိုင်ငံသို့ ဝင်ရောက် တိမ်းရှောင်နိုင်ရေးအတွက် အလုအယက်စောင့်ဆိုင်း ကြိုးစားနေကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုင်း (မူဆယ်)
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/23/%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%86%e1%80%84%e1%80%b7%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/