ပို့ကုန်သီးနှံ ပဲစင်းငုံကို လာမည့် စိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်
အိန္ဒိယနိုင်ငံ၏ ၂၀၂၅ ခုနှစ် မတ်လအထိ ဖြေလျော့ထားသည့် ပဲတင်သွင်းမှု မူဝါဒကြောင့် မြန်မာနိုင်ငံစိုက်ပျိုးသည့် ပဲစင်းငုံမှာ လာမည့်ပဲသစ်ရာသီထိ အကြုံဝင်ခြင်းကြောင့် တောင်သူများအနေဖြင့် တိုးချဲ့ စိုက်ပျိုးသင့်သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်လာကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။
ပြည်တွင်းမှ ပို့ကုန်ပဲများနှင့် ပြောင်းစိုက်ပျိုးမှုမှာ နှစ်စဉ်သီးနှံပေါက်ဈေးနှင့် ဝယ်လိုအားဈေးကွက်ပေါ် မူတည်ပြီး စိုက်ပျိုးကြသကဲ့သို့ ရေမြေရာသီဥတုပေါ်မူတည်ပြီး သီးနှံများပြောင်းလည်း စိုက်ပျိုးလေ့ရှိသည်။
ယခင်နှစ်များက ပြောင်းသီးနှံဈေးကွက် ဈေးကောင်းရရှိကြသကဲ့သို့ ပို့ကုန်ကောက်ပဲသီးနှံများမှာလည်း ဈေးကောင်းရရှိခဲ့ရာ ယခုနှစ်တွင် ပြောင်းဈေးကွက်မှာ ကမ္ဘာ့ပြောင်းဈေး အနည်းငယ် ကျဆင်းနေခြင်းဖြစ်ပြီး ပို့ကုန်ပဲများမှာ အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားနှင့် ပဲတင်သွင်းမှုမူဝါဒ အပြောင်းအလဲကြောင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံမှာ ပြည်တွင်းစံချိန်ပေါက်ဈေးများထိ ရောက်ရှိလာခြင်းဖြစ်သည်။
သို့ဖြစ်၍ လာမည့်ပဲသစ်ပေါ်ချိန်ထိ အိန္ဒိယနိုင်ငံ၏ ပဲဝယ်အားနှင့် ပဲဝယ်ချိန်ကို ချိန်ဆ စိုက်ပျိုးပါက ပဲစင်းငုံမှာ တောင်သူများအတွက် အကျိုးအမြတ်သေချာသည့် စိုက်ပျိုးသီးတစ်မျိုး ဖြစ်လာသည်။
ထို့အတူ ပဲစင်းငုံမှာ စိုက်ပျိုးကာလ ၆ လခန့်ကြာမြင့်တာကြောင့် တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့် မြေလွတ်များတွင် တိုးချဲ့ စိုက်ပျိုးရန် အကောင်းဆုံးသီးနှံတစ်မျိုး ဖြစ်လာကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b6-%e1%80%95%e1%80%b2%e1%80%85%e1%80%84%e1%80%ba%e1%80%b8%e1%80%84%e1%80%af/