ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် သိန်း ၂၇၅၇.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငွေကျပ် သိန်း ၂၇၅၇.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃း၃၀ နာရီခန့်က ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေစဉ် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၉၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅၇.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ ထိုနေ့ ညနေ ၆း၄၅ နာရီခန့်က အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထိန်လင်းအောင်(ခ)ရန်ပီဖူး အား ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈း၁၅ နာရီခန့်က လီရှင်းဖင် (ခ) ထွန်းထွန်း အား မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် BORGWARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသော နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ် နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း(၃၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%a6%e1%80%b8%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-2/