ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်လျက်ရှိ
ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးတွင် အိန္ဒိယ၏ ဝယ်လိုအား ကျဆင်းမှုမရှိသော်လည်း ဒေါ်လာ ပေါက်ဈေး၊ ကုန်သွယ်ရေးမူဝါဒများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းမှုရှိနေသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။
ပဲသစ်ရာသီအစ ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေး အနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့မှာ အမြင့်ဈေးဖြစ်နေကြောင်း၊ လက်ရှိတွင် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာလည်း ဈေးကျဆင်းနေပြီး ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင် က ပြောသည်။
“ပို့ကုန်ပဲတွေကတော့ ဈေး ကျဆင်းလာပါတယ်။ ပဲစင်းငုံ၊ မတ်ပဲတွေကနေ စတင်ဈေးကျဆင်းနေတာ ပြည်တွင်း ကုလားပဲ တွေလည်း လိုက်ပါဈေး ကျဆင်း လာပါတယ်။ မတ်ပဲဆိုရင် တစ်အိတ်ကို ငွေကျပ် ၂၈၀၀၀၀ ဝန်းကျင်နဲ့ ပဲစင်းငုံ တစ်အိတ် ၃၇၂၀၀၀ လောက်ထိ ဈေးကျဆင်းပါတယ်။ ပြည်တွင်းပဲမာလိုင်းတွေကတော့ ဈေးသိပ်မကျဘဲ ပုံမှန်ဈေးအေးသွားပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးအကျ ကြမ်းသွားတာပါ။ ဝယ်လိုအား ကတော့ မကျပါဘူး။ ဈေးကျဆင်းပေမယ့် ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်ကြိုရောင်းသမားတွေကတော့ ဈေးကျဆင်းချိန် အဝယ် ကောင်းနေပါတယ်။ လှောင်သမား တွေဆီမှာတော့ ဈေးအမြင့်နဲ့ ဝယ်ထားတာတွေ များခဲ့ပါတယ်။ ပဲမာလိုင်းများမှာတော့ အမြင့်ဈေးတွေအတိုင်း ရှိနေတာပါ။ တစ်အိတ်ကို ငွေကျပ် ၄၀၀၀၀၀ ကျော်နဲ့ ပဲတွေကတော့ ဈေးကောင်း နေတာပါ။ နှမ်းမျိုးစုံလိုင်းနဲ့ မြေပဲလုံဆန်ကတော့ ဈေးအေးနေပါတယ်။ ပဲနှမ်းဈေးကွက် တစ်ခုလုံးမှာ ဈေးကျဆင်းပေမယ့် လက်ရှိပေါက်ဈေးအတိုင်း ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/02/19/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%88%e1%80%b1%e1%80%b8%e1%80%a1%e1%80%94%e1%80%8a%e1%80%ba%e1%80%b8/