မန္တလေးမြို့တွင် အမျိုးသမီးနှစ်ဦးကိုသတ်ဖြတ်ကာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်းနှင့် ၆၆ လမ်းကြားရှိ RCသုံးထပ်နေအိမ်တစ်အိမ်တွင် ဧပြီလ ၁၁ ရက် နံနက် ၃ နာရီ ၂၀ မိနစ်က အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်ပြီး နေအိမ်အား မီးရှို့မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အိမ်ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး၏ လည်းပင်တွင် လက်ကိုင်ပုဝါတပ် ဟင်းသီးဟင်းရွက်လှီးဓား ထိုးစိုက်လျက် ဝဲဘက်ပါးပြတ်ရှဒဏ်ရာ ၃ ချက်၊ ဝဲနဖူးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိရပြီး နေအိမ်ဒုတိယထပ်မှ ခေါင်မိုးပေါ်တက်လှေကားခြေရင်းတွင် အိမ်ဖော်ဖြစ်သူ အမျိုးသမီးသည် ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် နေအိမ်ပိုင်ရှင်ဖြစ်သူနှင့် အိမ်ဖော်ဖြစ်သူတို့အား လုပ်ကြံသတ်ဖြတ်ပြီး နေအိမ်အားမီးရှို့သွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သုံးသပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ သတင်းရလျှင်ရခြင်း မဟာအောင်မြေခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးသတ်ယာဉ် ၁၀ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် RCသုံးထပ်နေအိမ်၏ ကုတင်၊ မွေ့ ယာနှင့် အတွင်းပစ္စည်းအနည်းငယ် မီးလောင် ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
ကိုကျားကြီး
Photo : ThanHtay
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/11/15150/