၂၀၂၄ သန်းခေါင်စာရင်းကို Mobile Tablet များဖြင့် ကောက်ယူမည်
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် နည်းပညာကိုအသုံးပြုမည့် Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် Mobile Tablet များ အသုံးပြုကောက်ယူမည် ဖြစ်ကြောင်း သိရသည်။
ယခု သန်းခေါင်စာရင်းသည် ရက်တစ်ရက်၊ အချိန်တစ်ချိန်သတ်မှတ်၍ ကာလတစ်ခုအတွင်း လူဦးရေနှင့် အကြောင်းအရာအချက်အလက်များကို တစ်အိမ်တက်ဆင်းကောက်ယူသည့်စာရင်းကို ဆိုလိုခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်သည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းကို အဓိကတာဝန်ယူဆောင်ရွက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း စီမံချက်ရေးဆွဲကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းအဆင့်(၄)ဆင့် ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်း လုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်း စသည်တို့ကို စတင်ဆောင်ရွက်ချိန်မှ ၅၄ လခန့်ကြာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများအနက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းသည် ကာလအရှည်ကြာဆုံးဖြစ်ပြီး လုပ်ငန်း စတင်ချိန်မှ ၃၆ လ ကြာမြင့်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ရက်တစ်ရက်၊ အချိန် တစ်ချိန်အဖြစ် သန်းခေါင်စာရင်း ရည်ညွှန်းချိန်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ကို သတ်မှတ်ထားရာ သန်းခေါင်စာရင်းရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သော ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၁၅ ရက်ကြာ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းကောက်ယူမည်ဖြစ်သည်။
သန်းခေါင်းစာရင်းကောက်ယူရာတွင် လူဦးရေ စုစုပေါင်း ၅၇ သန်းခန့်ရှိ အိမ်ထောင်စုပေါင်း ၁၃ သန်းကို စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ခွဲကာ လျာထားသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/09/05/%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%9e%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%85%e1%80%ac%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad/