မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့၏ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံ နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာ ယန္တရားမူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား မြတ်တော်ဝင်ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/12/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6/