မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပြစ်ဒဏ်ကျပြီး တရားခံများ တမူးမြို့တွင် အပြန်အလှန်လွှဲပြောင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မေလ( ၂)ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြန်မာ- အိန္ဒိယနှစ်နိုင်ငံနယ်စပ် သံတံတားဂိတ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံတို့၌ ပြစ်ဒဏ်ကျပြီးခဲ့သော တရားခံများအား အပြန်အလှန်လွှဲပြောင်းခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Imphal အကျဥ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၃၈)ဦးနှင့် မြန်မာနိုင်ငံ တမူးမြို့တွင် ထိန်းသိမ်းခဲ့ပြီး လွတ်မြောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား(၁)ဦး တို့အား နှစ်နိုင်ငံ တာဝန်ရှိသူများက နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဥပဒေမူဝါဒများနှင့်အညီ အပြန်အလှန် လွှဲပြောင်းခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံမှ လွှဲပြောင်းလက်ခံခဲ့သည့် မြန်မာနိုင်ငံသားများကို တမူးမြို့ ဗောဓိတောရဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယာယီနေရာချထားပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်နှင့်လိုအပ်သည်များကို ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြစ်ဒဏ်ကျခံခဲ့ပြီးသော တရားခံများအား အပြန်အလှန်လွှဲပြောင်းရာသို့ တမူးတပ်နယ်မှူး ဗိုလ်မှူးကြီးညီညီတင်၊ တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တမူးခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်သည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/05/07/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/