တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ဧပြီလ (၂၁)ရက်မှ (၂၆)ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် China-ASEAN (Nanning) Intangible Cultural Heritage Week သို့ မြန်မာ့သဘင်အဖွဲ့အစည်း၊ ဥက္ကဋ္ဌ ဦးဖိုးချစ် ဦးဆောင်သည့် (၉) ဦးပါ မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဧပြီ (၂၁) ရက်နေ့တွင် Min Ge Lake Square ၌ ကျင်းပသည့် China-ASEAN (Nanning) Intangible Cultural Heritage Week ဖွင့်ပွဲအခမ်းအနားသို့ နန်နင်းမြို့ ဒုတိယမြို့တော်ဝန် Ms. Zhang Ziying ၊ တရုတ် Intangible Cultural Heritage Protection Center ၏ အကြီးအကဲ Ms. Zhang Qingqian အစရှိ သည့် တာဝန်ရှိသူများ၊ နန်နင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
ယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များကို (၄) ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့ရိုးရာဂီတ သီချင်းအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့ပြင် အဆိုပါ ကာလအတွင်း China-ASEAN Intangible Cultural Heritage Fair ကို (၂) ရက်ကြာ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံပြခန်းတွင် မြန်မာ့စောင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့အဝတ်အစား၊ ပုသိမ်ထီး၊ မြန်မာ့သနပ်ခါး အစရှိသည့် ယဉ်ကျေးမှုလက်ရာပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/30/china-asean-nanning-intangible-cultural-heritage-week-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%be/