ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့တွင် တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်မှုဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် တို့တွင် စစ်တပ် တပ်စွဲနေရာများအားလုံးကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်ကစတင်ပြီး လက်နက်ကိုင်အဖွဲ့များက တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရခိုင်တပ်တော် (ULA/AA) တို့က ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသော စစ်ဆင်ရေးကြေညာပြီး စတင်တိုက်ခိုက်နေကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုသို့တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး နစက ပြောရေးဆိုခွင့်ရှိသူက လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ လားရှိုး၊ သိန္နီအနီးမှာ တိုက်ပွဲဖြစ်စဉ်တွေရှိခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့စခန်းနဲ့ ပြည်သူ့စစ်စခန်းတချို့ ကျဆုံးခဲ့ကြောင်း၊ MNDAA နဲ့ တိုက်ပွဲဖြစ်နေတဲ့ ချင်းရွှေဟော်ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မူဆယ်၊ ချင်းရွှေဟော် မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ပိတ်သွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင် အပါအဝင် မြို့နယ်များတွင် အသွားအလာမရှိသလောက် ဖြစ်သွားကာ တိတ်ဆိတ်သွားခဲ့ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/11/02/%e1%80%9b%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%99/