ညိုမြတို့ရွာစာကြည့်တိုက် ငွေရတုအထိမ်းအမှတ် စာချစ်သူများတွေ့ဆုံပွဲကျင်းပ
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရှိ ညိုမြတို့ရွာစာကြည့်တိုက်၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စာချစ်သူများတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၃ ရက်၊ စာဆိုတော်နေ့ နံနက်ပိုင်းက ကြက်သွန်စျေးရွာ၊ ဓမ္မိကာရာမကျောင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
စာချစ်သူတွေ့ဆုံပွဲတွင် ညိုမြတို့ရွာစာကြည့်တိုက် စတင်တည်ထောင်စဥ်က ပထမဆုံး ဥက္ကဋ္ဌ ဦးဗိုလ်ကြားက စာကြည့်တိုက်အမှတ်တရစကား ပြောကြားပြီး လက်ရှိစာကြည့်တိုက်ဥက္ကဋ္ဌ ဦးဇော်ဝိတ်က စာကြည့်တိုက်နှင့် စာဖတ်ခြင်းတန်ဖိုးများကို အမှတ်တရပြောကြားသည်။
ဆက်လက်၍ ညောင်ဖြူပင်ကျေးရွာ၊ မောင်ကြီးတို့ရွာစာကြည့်တိုက် နာယက ကပ်ကျော်ကျောင်းတိုက်ဆရာတော်က စာဖတ်ခြင်းအကျိုးကျေးဇူးများကို သြဝါဒပြောကြားပြီး စာရေးဆရာ ကဗျာဆရာ ကိုမောင်လှသိန်း(ညိုမြတို့ရွာ)က အမှတ်တရကဗျာများရွတ်ဖတ်သည်။
ထို့နောက် စာချစ်သူများတွေ့ဆုံပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးငွေသိန်းက ၂၅နှစ်တာဖြတ်သန်းလာခဲ့သော ညိုမြတို့ရွာစာကြည့်တိုက် အခက်အခဲများ၊ လောကဓံတရားများနှင့်ကျေးဇူးတင်စကားများ ပြောကြားသည်။
သတင်းစာဆရာ အိုးဝေဦးညိုမြ (၁၉၁၄-၁၉၈၅) အား ဂုဏ်ပြုဖွင့်လှစ်ထားသော ညိုမြတို့ရွာစာကြည့်တိုက်တွင် ရှားပါးစာမူများ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာရေးဆရာကြီးများ၏ လက်ရေးမူများနှင့် သတင်းစာဆရာကြီး ဦးညိုမြ စုဆောင်းခဲ့သည့် သတင်းစာနှင့် စာပေ များကို လေ့လာနိုင်ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%8a%e1%80%ad%e1%80%af%e1%80%99%e1%80%bc%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%ac%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%b7%e1%80%90%e1%80%ad%e1%80%af/