မန္တလေးမြို့ ကျုံးအရှေ့တောင်ထောင့်တွင် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ပြုလုပ်မည်
မန္တလေးမြို့၏ ၂၀၂၄ခုနှစ်အတွက် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် ကျုံးအရှေ့တောင်ထောင့်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှစတင်ကာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်သည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ထုတ်ဝေသည့် မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြထားပြီး အဆိုပါပွဲ၌ အဆိုတော်များဖြစ်သည့် ဂျက်မြသောင်း၊ ထူးအယ်လင်း၊ သားစိုး၊ မယ်လိုဒီ၊ ဆူဇီ၊ ဇော်ကို၊ မီးနို၊ ထွန်းရတီ၊ ဂေးဂေး၊ ကေကေမိုး၊ ဇာနည်အောင်တို့နှင့် တွဲဖက်လျက် မန်းစည်ပင်ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းတော်ကြီး၊ DJ အဖွဲ့တို့ဖြင့် တွဲဖက်ဖျော်ဖြေ တင်ဆက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ပွဲကျင်းပနေစဉ်အတွင်း ညနေ ၆ နာရီမှ ပွဲပြီးသည့်အချိန်အထိ ခေတ္တလမ်းပိတ်၊ လမ်းလွှဲခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၄ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၅ လမ်းဆုံ၊ ၂၇ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၈ လမ်းဆုံတို့တွင် လမ်းပိတ်၍ မည်သည့်ယာဉ်မှ ဝင်ခွင့်မပြုဘဲ ပွဲတော်လာ ပြည်သူလူထုသာ ခြေလျင်ဝင်ခွင့်ပြုမည်ဖြစ်သည်။
ထို့အတူ ၁၉ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၂ လမ်းဆုံ၊ လမ်း ၃ဝ နှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၇၃ လမ်းဆုံတို့တွင် လမ်းလွှဲ၍ ပွဲတော်လာယာဉ်များနှင့် အဆိုပါနေရာများအတွင်း နေထိုင်သည့် ယာဉ်များသာ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး ပွဲကျင်းပရာဖြစ်သော ၂၆ လမ်းနှင့် ၆၆ လမ်းဆုံတွင် ဖြတ်သန်းသွားမည့် ယာဉ်များကို ဝင်ခွင့်မပြုဘဲ တခြားလမ်းလွှဲမှ မောင်းနှင်ဆောင်ရွက်စေမည်ဖြစ်ကြောင်း မန္တလေးနေ့စဉ်သတင်းစာတွင် ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/29/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7-%e1%80%80%e1%80%bb%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%9b%e1%80%be%e1%80%b1%e1%80%b7/