ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပြည်ပသို့သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို(၂)တန် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်း အား ရပ်စောက်တိုးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/25/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%9a%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%8a%e1%80%b7%e1%80%ba-%e1%80%84/