တရုတ်-မြန်မာ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်သံအမတ်ကြီး တို့တွေ့ဆုံ
နှစ်သစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တို့သည် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့နှင့် သီခြားစီတွေ့ဆုံကာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ခြင်းမှ အစပြုကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော်ဆောင်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/01/28/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%81%8a-%e1%80%94/