မြန်မာ-တရုတ်နယ်စပ် တရုတ်ဘက်ခြမ်းတွင် နေထိုင်ခွင့် ရက်လွန်နေသည့် မြန်မာနိုင်ငံသားများအား မြန်မာဘက်သို့ပြန်ပို့လျက်ရှိ
ယခုရက်ပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် တရုတ်ဘက်ခြမ်းတွင် နေထိုင်ခွင့် ရက်လွန်နေသည့် မြန်မာနိုင်ငံသားများအား တရုတ်ရဲများက လိုက်လံစစ်ဆေးကာ မြန်မာဘက်သို့ ပြန်ပို့နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“နေထိုင်ခွင့် ရက်လွန်သူတွေကို ဖမ်းမယ်ဆိုတဲ့သတင်းကို ဟိုအရင်တစ်ပတ်လောက်ကတည်းက ကြားနေရတယ်။ ဒီရက်ပိုင်းမှာ ရက်လွန်နေထိုင်တဲ့သူတွေကို ဖမ်းပြီး ပြန်ပို့တာကို သူကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ မိတ်ဆွေတစ်ဦးက ပြောတယ်။ တော်တော်များတယ်လို့လည်း ပြောပါတယ်။ အခုက တရုတ်ဘက်ကို သွားကြတယ်တဲ့သူတွေလည်း အရမ်းများနေတယ်။ တရုတ်ဘက်မှာ တော်တော်များများရောက်နေကြပြီ။ အလုပ်အကိုင်တောင် ရှားလာတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
နယ်စပ်ဖြတ်သန်းခွင့် တခါသုံးကဒ်များသည် ၆ ညအိပ် ၇ ရက်သာ နေထိုင်ခွင့်ရခြင်းဖြစ်ပြီး ထိုရက်ကိုကျော်လွန်ပါက ဖမ်းဆီးစစ်ဆေးပြီး ၁ နှစ်မှ ၅ နှစ်အထိ ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်ပြည်ပရေးရာ ဌာနက ဖေဖော်ဝါရီလက အသိပေးစာ ထုတ်ပြန်ထားသည်ဟုသိရသည်။
လက်ရှိတွင် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်လိုသူများပြားလျက်ရှိပြီး နေ့စဉ် ထောင်နှင့်ချီသောလူများက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ရရန် တိုးဝှေ့ကြိုးစားနေကြကြောင်းလည်း သိရသည်။
စိုင်းမောင် (မူဆယ်)
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/03/04/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/