မြန်မာ့စိန်တလုံးသရက်သီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ
မြန်မာ့စိန်တလုံးသရက်သီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိနေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ငွေကျပ် ၅ သောင်းအထိ ဈေးကောင်းရရှိနေကြောင်း သာလာအေးကျေးရွာ သရက်ခြံမှ ကိုရဲကပြောသည်။
“သင်္ကြန်မတိုင်မီကတည်းက အသီးတွေက စပေါ်နေပါပြီ။ အခု ရန်ကုန်ကို စပြီးတင်ပို့နေတာ ၁၆ ကီလိုတစ်ခြင်းကို အလုံး ၄၀-၅၀ ခန့် ပါရှိပြီး တစ်ခြင်းကို ငွေကျပ် ၄၅၀၀၀-၅၀၀၀ဝ နဲ့ ပို့နေပါတယ်။ ခေါင်သီးအနည်းငယ်သာ ထွက်ရှိလို့ ဒီနှစ်က ဈေးကောင်းပိုရပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့စိန်တလုံးသရက်ခြံ အများစုမှာ သင်္ကြန်ကာလနောက်ပိုင်း မေလဆန်းပိုင်းမှ အများစု ရင့်မှည့်မှုရှိပြီး လှိုင်လှိုင်ပေါ်လေ့ ရှိသည်။ အချို့ဒေသများတွင်သာ အနည်းငယ် စောပေါ်လေ့ရှိပြီး ဈေးကောင်းရလေ့ရှိကာ မေလဆန်းပိုင်းခန့်တွင် ဒေသစုံမှ အသီးထွက်ရှိလာခြင်းကြောင့် ဈေးပြန်လည်ကျဆင်းလေ့ရှိသည်။
မြန်မာ့စိန်တလုံးသရက်သီးမှာ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင်ဒေသ၊ စစ်ကိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေး၊ မတ္တရာဒေသများတွင် အများဆုံးထွက်ရှိသည်။
စိန်တလုံးသရက်သီးကို ယခင်နှစ်များက နယ်စပ်ဒေသမှ တစ်ဆင့် တရုတ်နိုင်ငံသို့ အများ ဆုံးတင်ပို့မှုရှိပြီး ပင်လယ်ရေကြောင်းမှ စင်ကာပူနိုင်ငံသို့လည်း တင်ပို့နိုင်ခဲ့ကာ ဈေးကောင်းရရှိသည့် ပို့ကုန်အမယ်တစ်မျိုး ဖြစ်သည်။
လက်ရှိအချိန်တွင် နယ်စပ်ဂိတ်များမှ တင်ပို့နိုင်မှု အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်မည့် အခြေအနေမှာလည်း သရက်သီး ထွက်ရှိသည့်ကာလနှင့် သင်္ဘောတင်လမ်းကြောင်း အခြေအနေပေါ်မူတည်ပြီး တင်ပို့ရသဖြင့် ပမာဏများများ တင်ပို့နိုင်မည့် အခြေအနေမရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ အားထားရမည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ရွှေနွယ်ကြိုး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/19/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%85%e1%80%ad%e1%80%94%e1%80%ba%e1%80%90%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%ae-3/