အိန္ဒိယသို့အဓိကထားတင်ပို့နေသည့် ပဲစဥ်းငုံနီ တစ်တင်း(ပိသာ၂၀)လျှင် ကျပ် ၅၀၀၀ စျေးတက်
သင်္ကြန်အပြီး မုံရွာစျေးကွက်တွင် အိန္ဒိယသို့ အဓိကထား တင်ပို့နေသည့် ပဲစဥ်းငုံနီ တစ်တင်း(ပိသာ၂၀)လျှင် ကျပ် ၅၀၀၀ စျေးတက်သွားကြောင်း မုံရွာပဲစဥ်းငုံအဝယ်တော်ထံက သိရသည်။
သင်္ကြန်ကာလမပိတ်ခင်က ပဲစဥ်းငုံနီတစ်တင်းလျှင် ၁၂၅၅၀၀ ကျပ် ဖြစ်နေရာမှ လက်ရှိ(ဧပြီလ၂၂ရက်)တွင် တစ်တင်းလျှင် ၁၃၀၅၀၀ကျပ်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“မုံရွာစျေးကွက်မှာ ပဲစဥ်းငုံစျေးပဲ တက်တာပါ။ ကျန်တဲ့ပဲတွေက စျေးငြိမ်နေတယ်။ ပဲစဥ်းငုံက နယ်အဝင် မရှိသလောက် ပါးသွားပြီ။ အိန္ဒိယကိုတော့ အဓိကတင်ရတာပေါ့။ လက်ရှိက လှောင်လက်တွေဆီမှာ အောင်းနေပြီ” ဟု မုံရွာပဲစဥ်းငုံအဝယ်တော်က ပြောသည်။
ပဲစဥ်းငုံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာစုံစိုက်ပျိုးခြင်းဖြစ်ပြီး နှစ်စဥ် ဇန်နဝါရီလတွင် လှိုင်လှိုင်ပေါ်လေ့ရှိသည်။ ယခုနှစ် ပဲစဥ်းငုံ တစ်တင်းလျှင် ကျပ် တစ်သိန်းနီးပါးဖြင့် စျေးကွက်စခဲ့ပြီး ယခင်နှစ်များက တစ်တင်းလျှင် ကျပ်တစ်သိန်းသုံးသောင်းကျော်စျေးအထိ ဖြစ်ခဲ့ကြောင်းသိရသည်။
မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးမြင့်တက်နေပြီး သင်္ကြန်ကာလ မတိုင်မီထက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်းသိရသည်။
အရောင်းသမားများက ဈေးမြင့် ခေါ်ဆိုမှုများကြောင့် ပဲဈေးတွင် အရောင်းအဝယ် ပုံမှန်မရှိသေးဘဲ ပဲများအားလုံး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် တက်ရိပ်ပြနေကာ အရောင်းအဝယ် ကောင်းကောင်း မဖြစ်သေးကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2024/04/23/%e1%80%95%e1%80%b2%e1%80%85%e1%80%a5%e1%80%ba%e1%80%b8%e1%80%84%e1%80%af%e1%80%b6%e1%80%94%e1%80%ae-%e1%80%90%e1%80%85%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ad%e1%80%9e%e1%80%ac/