ဗဟိုဘဏ်၏ နိုင်ငံခြားငွေ စည်းမျဉ်းသစ်ထုတ်ပြန်ပြီးနောက် စက်သုံးဆီဈေး ကျပ် ၂၀၀ နီးပါး ကျဆင်းခဲ့
ဗဟိုဘဏ် ထုတ်ပြန်ခဲ့တဲ့ ၁၂ /၂၀၂၂ အမိန့်ကြော်ငြာစာပါ စည်းမျဉ်းအသစ်က စက်သုံးဆီဈေးကွက်ကို ရိုက်ခက်ခဲ့ပြီး နှစ်ရက်အတွင်း တစ်လီတာ ကျပ် ၂၀၀ ခန့် စျေးကျဆင်းသွားပြီး ဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။
လွန်ခဲ့သောရက်ပိုင်းက ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၁၉၂၅ မှ ၂၁၆၅ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် ၁၇၃၀ ကျပ်မှ ၁၉၇၀ အတွင်းသာ ပေါက်စျေးရှိ တော့ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိသည့် ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမည်ဟူသည့် သတ်မှတ်ချက်သည် ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် သက်ရောက်မှု ရှိသော်လည်း ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် အဆင်ပြေလာကြောင်း သိရသည်။
သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် အရေးကြီးကုန်စည်အလိုက် ဘဏ်တွေထံက ကန်တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားငွေ အလုံအလောက်သာ ရောင်းချပေးနိုင်ပါက ဒေါ်လာဖြင့် ဝယ်ယူနေရသည့် စက်သုံးဆီအပါအဝင် စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းတို့၏ ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
ရွှေနွယ်ကြိုး
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/14/a5bf04a2f0/