တစ်နိုင်ငံလုံးပျားရည်ထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းမှရရှိ
တစ်နိုင်ငံလုံးပျားရည်ထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းမှ ရရှိခြင်းဖြစ်ကြောင်း ပျားလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ပြည်ပ ကို ပျားရည်တန်ချိန် ၄ထောင်နီးပါးတင်ပို့ပြီး ကျန်ပျားရည်များကို ပြည်တွင်းတွင်သုံးစွဲခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ပျားမွေးမြူရေးလုပ်ငန်းရှင် ၉၀၀ နီးပါးသည် ပျားအုံပေါင်း နှစ်သိန်း နီးပါးဖြင့် နယ်လှည့်ပျားရည်ထုတ်နေခြင်းဖြစ်ပြီး နှစ်စဉ်ပျားရည် မက်ထရစ်တန် ၆ထောင်နီးပါးထွက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနမှသိရသည်။
“မြန်မာပြည်ရဲ့ ပျားရည်ဖောက်သည်တွေကတော့ တရုတ်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယားစတဲ့ အာရှနိုင်ငံတွေ ဖြစ်ပြီး ဥရောပဒေသကို ဖောက်သည်သစ်ရှာဖို့ အခြေအနေကောင်းတွေ ရှိနေတယ်” ဟု ပျားလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူကပြောသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၂ ခုနှစ် ၆လတာ ဘဏ္ဍာနှစ်က ပြည်ပကို ပျားရည်မက်ထရစ်တန် တစ်ထောင်ကျော်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရခဲ့သည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ ထုတ်ပြန်သည့် အချက်များအရ သိရသည်။
ပျားမွေးသူများသည် တစ်နေရာတည်း လုပ်ငန်းအတည်တကျ မရှိဘဲ ပျားပုံးများကို သယ်ပြီး ရာသီအလိုက် စိုက်ပျိုးပွင့်ဖူးသည့် သီးနှံများရှိရာဒေသများကို ပြောင်းရွှေ့မွေးမြူ ပျားရည်ထုတ်ကြရသည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပျားရည်ကို ဇီး၊ ပန်းနှမ်း၊ နေကြာ၊ လဲမှို့၊ ပဲစင်းငုံ၊ လိုင်ချီး၊ ရော်ဘာ၊ ပင့်ကူထိပ်ပိတ်(ပန်းသုံးဆင့်)၊ မိုးနှမ်း၊ ပြောင်း စသည့်သီးနှံများ၏ပန်းပွင့်များကို မွေးမြူရေးပျားက ဝတ်မှုံကူးစုပ်ပြီး ပျားရည်ထုတ်လုပ်ခြင်းဖြစ်သည်။
ဇီးပျားရည်ကို ဇီးခြံဧက မိုင်ရာချီရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ ဘုတလင်၊ မုံရွာ၊ ယင်းမာပင်၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်၊ ရမည်းသင်း တို့ကလည်းကောင်း၊ နေကြာ၊လဲမှို့ပျားရည်ကို စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင်ဝင်း၊ ရေတာရှည်၊ တောင်ငူတို့ကလည်းကောင်း၊ လိုင်ချီးပျားရည်ကို ကျိုက်ထို၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်၊ ကရင်တို့က လည်းကောင်း၊ ပင့်ကူထိပ်ပိတ်ပျားရည်ကို စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်၊ ကသာ၊ ပုလဲတို့ကလည်းကောင်း၊ မိုးနှမ်းပျားရည်ကို မကွေးတိုင်း၊ မန္တလေး ကျောက်ဆည်က လည်းကောင်း၊ ပန်းနှမ်းပျားရည်၊ ပြောင်းပျားရည်ကို ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း တို့မှ ထုတ်ယူနေခြင်းဖြစ်ကြောင်းသိရသည်
စျာန်ထူးကို
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/25/%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba%e1%81%86/