အထွက်နှုန်းကောင်းသည့် ကောက်ရိုးမှိုနှင့်ငွေနှင်းမှို မုံရွာစျေးကွက်တွင် စျေးကောင်းရနေ
စိုက်နည်းစနစ်မှန်လျှင် အထွက်နှုန်းကောင်းသည့် ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုများ မုံရွာစျေးကွက်တွင် စျေးကောင်းရ၍ တွက်ခြေကိုက်နေကြောင်း သိရသည်။
“ကောက်ရိုးမှို ပျိုးထုပ် တစ်ထုပ် ငွေကျပ် ၇၀၀၊ ငွေနှင်းမှို ပျိုးထုပ် တစ်ထုပ် ငွေကျပ် ၅၀၀ ပေးရတယ်။ စိုက်နည်းစနစ်မှန်ရင် အထွက်ကောင်းတယ်။ ဂရုစိုက်ပေးဖို့တော့လိုတယ်”ဟု မှိုစိုက်ပျိုးသူတစ်ဦး ကပြောသည်။
ကောက်ရိုးမှိုပျိုးထုပ် တစ်ထုပ်လျှင် ငွေကျပ် ၇၀၀ ဖြင့် ဝယ်ယူကာ ၉ပေ×၃ပေ ဘောင်တစ်ဘောင်မှ မှို ၈ ပိသာ မှ ၁၀ ပိသာအထိ ထွက်ရှိပြီး လက်ရှိကာလပေါက်ဈေးသည် တစ်ပိသာလျှင် ငွေကျပ် ၁၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။
ထို့အတူ ငွေနှင်းမှိုပျိုးထုပ် တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးပါက မှို ၅၀ ကျပ်သားမှ ၇၀ ကျပ်သားအထိ ထွက်ပြီး လက်ရှိကာလပေါက်ဈေးသည် တစ်ပိသာ ငွေကျပ် ၆၀၀၀ ခန့်ရရှိကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိမိတို့၏အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးခြင်းများဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိစေရန် ရည်ရွယ်၍ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့က မှိုမျိုးစုံမျိုးစေ့နှင့် စိုက်ထုပ် သုတေသနပြု စမ်းသပ်ခန်းရှေ့တွင် ကောက်ရိုးမှိုနှင့် ငွေနှင်းမှို လက်တွေ့ စိုက်ပျိုးပြသခြင်း ပြပွဲပြုလုပ်ပေးခဲ့ရာ မုံရွာမြို့နယ် ကျေးရွာ(၁၀)ရွာမှ ဒေသခံတောင်သူ(၆၂)ဦး နှင့် စိုက်ပျိုးရေး ဝန်ထမ်း(၁၀)ဦးတို့ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/20/%e1%80%a1%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7-%e1%80%80/