ဧရာဝတီတံတား(ရတနာပုံ)ပေါ် စစ်ကိုင်းဘက်ခြမ်းမှ သံဃာတော်တစ်ပါးခုန်ချမှုဖြစ်ပွားပြီး ဧရာဝတီမြစ်ဘေး ဧမြဝတီရေဆိပ်တွင် ကိုရင်သုံးပါး မြစ်ထဲ ရေချိုးရာက ရေနစ်ခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရတနာပုံ ဧရာဝတီမြစ်ကူးတံတားပေါ် စစ်ကိုင်းဘက်ခြမ်းမှ မတ် ၅ ရက်နေ့ ညနေပိုင်းက သံဃာတော်တစ်ပါးခုန်ချခဲ့သဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါသတင်းရလျှင်ရခြင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)သည် မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာ ညနက်ပိုင်းအထိ ရေငုတ်အဖွဲ့များဖြင့်ပါ ရှာဖွေသော်လည်း ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
ထို့အပြင် မတ် ၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေး ဧမြဝတီရေဆိပ်၌ ကိုရင်သုံးပါး မြစ်ထဲ ရေချိုးရာက ရေနစ်ခဲ့ပြီး နှစ်ပါးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကိုရင်တစ်ပါး ပျံလွန်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့ ဧရာဝတီမြစ်ဘေး ဧမြဝတီရေဆိပ် တွင် ကိုရင် (၃)ပါး ရေချိုးရာမှ ရေနစ်သွားရာ ရှာဖွေကယ်ဆယ်ပေးရန် SERT သို့အကြောင်းကြားသဖြင့် SERT ရေငုပ်အဖွဲ့မှ သွားရောက်ကယ်ဆယ်ရာ ကိုရင် (၂)ပါး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရေနစ်ပျောက်ဆုံးသွားသော ကျန် ကိုရင်တစ်ပါး အား ဆက်လက်ရှာဖွေရာ ရေအောက်တွင် ပြန်လွန်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အညာသား (စစ်ကိုင်း)
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%90%e1%80%b6%e1%80%90%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%94%e1%80%ac%e1%80%95%e1%80%af%e1%80%b6%e1%80%95%e1%80%b1%e1%80%ab%e1%80%ba/