တရုတ်-မြန်မာနယ်စပ် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေး MoA စာချုပ်မူကြမ်းပါ အချက်များညှိနှိုင်းဆွေးနွေး
တရုတ်-မြန်မာနယ်စပ်ရှိ ကံပိုင်တည် စီးပွားရေးနယ်မြေတည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ စီမံကိန်းနှင့် ပတ်သက်၍ MoA ရေးထိုးနိုင်ရေးအတွက် စာချုပ်မူကြမ်းပါ အချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်းချုံး ခရိုင်နှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုခိုင်မာအားကောင်းလာစေပြီး ရေရှည်အတွက် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆွေးနွေးမှု အားကောင်းလာသည်နှင့်အမျှ ပိုမိုအားကောင်း ခိုင်မာလာသည့် လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် နှစ်ရှည် စီမံကိန်း ဖြစ်သည့်အတွက် လက်တွေ့တွေ့ကျကျဖြင့် ရေရှည်အကျိုးဖြစ်ထွန်းနိုင်မှုကို မျှော်တွေး၍ ဆွေးနွေး ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ကံပိုင်တည် နယ်စပ်ဂိတ်တွင် ယာဉ်ဖြတ်သန်းမှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအပေါ် တွက်ချက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြန်မာဟိန်ရ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ၊ တာဝန်ရှိသူများနှင့် စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ MoA စာချုပ်မူကြမ်းပါ စီမံကိန်းနယ်မြေအတွင်း ယာဉ်ဖြတ်သန်းခ ကောက်ခံမှုဆိုင်ရာကိစ္စရပ်အပေါ် ဌာနဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်း၊ သတ်မှတ်ညွှန်ကြားချက်များ နှင့်အညီ ဖြစ်စေရေး စေ့စပ်ဖြည့်စွက် သုံးသပ်အကြံပြု ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%80%e1%80%b6%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%9a/