မုန်တိုင်းဒဏ်သင့်ဒေသများအတွက် မြန်မာသံရုံး၊ ပေကျင်းမြို့မှ ကျပ်သိန်း (၂၀) စုပေါင်းထည့်ဝင် လှူဒါန်း
“မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လေဘေးဒဏ်သင့်ပြည်သူများ၏ စားဝတ်နေရေးအား အထိုက်အလျောက် အထောက်အပံ့ ဖြစ်စေရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၊ သံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် သံရုံးဝန်ထမ်းများမှ မြန်မာကျပ်ငွေ သိန်း (၂၀) အား စုပေါင်းထည့်ဝင် လှူဒါန်းကြောင်း သိရသည်။
မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အခြားပြည်နယ်အစိုးရများနှင့် မြန်မာနိုင်ငံနှင့် တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်လုပ်ငန်းရှင်/ကုမ္ပဏီများသို့ လည်းကောင်း၊ ပေကျင်းမြို့ရှိ တရုတ်ဗုဒ္ဓဘာသာအသင်း တို့သို့ လည်းကောင်း တရားဝင်စာများ ပေးပို့ကာ အလှူငွေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များ/ အဖွဲ့အစည်းများမှ မြန်မာသံရုံး၊ ပေကျင်းမြို့သို့ လည်းကောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လည်းကောင်း ပေးပို့လှူဒါန်းလျက် ရှိကြောင်းသိရသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%8f%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%92%e1%80%b1%e1%80%9e%e1%80%99%e1%80%bb/