စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် တိုင်းဝန်ကြီးချုပ်တိုက်တွန်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဇွန်လ ၃၀ ရက်နေ့ကပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးတွင် တိုက်တွန်း ပြောကြားကြောင်း သိရသည်။
“စစ်ကိုင်းတိုင်းထဲ ခရီးသွားလုပ်ငန်း အခြေအနေမှန် သိရှိဖို့နဲ့ ဌာနဆိုင်ရာအချင်းချင်း၊ လုပ်ငန်းရှင်များနဲ့ အတူအကွ ပူးပေါင်းဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရဖက်က လိုအပ်တဲ့ ပံ့ပိုးမှုတွေပေးနိုင်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း လိုအပ်တဲ့အကူအညီရှိရင် တင်ပြနိုင်ပါတယ်။ ဟိုတယ်/ခရီးအနေနဲ့လည်း ဟိုတယ်၊ တည်းခိုရိပ်သာတွေကို ဝန်ဆောင်မှုကောင်းဖို့ မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ ဟိုတယ်ဥပဓိရုပ် ကောင်းမွန်စေဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးဟာ အရေးကြီးပါတယ်။ ဒေသတစ်ခုကို ခရီးသွားတွေ ရောက်ရှိလာတဲ့အခါမှာ စိတ်လန်းဆန်း ပျော်ရွှင်နိုင်ဖို့၊ မြို့ရွာဒေသအလိုက် မြို့သန့်ရှင်းသာယာလှပဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ MSMEs လုပ်ငန်းတွေကို အားပေးတာတွေကို အားလုံးသိရှိ တွေ့မြင်ပြီးဖြစ်မှာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြဖို့လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးမြတ်ကျော် ကပြောသည်။
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း ကရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၅/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးထံ HSP National Level အသိမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/08/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8-3/