ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် လစာထုတ်ပေးမှု အထည်ချုပ်စက်ရုံတစ်ုခုတွင် ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် Mainyi အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် စက်ရုံလိုင်းခေါင်းဆောင်က လစာထုတ်ပေးမှုဖြစ်ပွားခဲ့ကြောင်း စံတော်ချိန်သတင်းစာ၏ သတင်းဖော်ပြမှုအရသိရသည်။
မတ် ၅ ရက် ညပိုင်းတွင် Mainyi အထည်ချုပ်စက်ရုံရှိ အလုပ်သမားအမျိုးသမီးတစ်ဦးသည် လစာငွေထုတ်ပြီးနောက် ငွေကျပ်နှစ်သောင်းကို ဈေးရောင်းသူထံ ဈေးကြွေးဆပ်ခဲ့ရာ အဆိုပါငွေကျပ်နှစ်သောင်းမှာ စဒ ၇၉၁၃၀၆၉ FR 7913069 အက္ခရာတူနံပတ်တူ ဖြစ်နေသဖြင့် ဈေးဆိုင်ပိုင်ရှင်က သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာမှ ဆက်စပ်ဖော်ထုတ်ရမိခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါငွေများသည် Mainyi အထည်ချုပ်စက်ရုံမှ ရရှိခဲ့သည့် လစာငွေ (၂၀၉၀၀၀) အနက် မှ (၁၀၀၀၀) ကျပ်တန် (၁၀) ရွက်ပါရှိခဲ့ကြောင်း၊ ၎င်းတို့အထဲမှ ကျပ် နှစ်သောင်းကို အကြွေးဆပ်ခဲ့ခြင်းဖြစ်ပြီး ထိုလစာများကို စက်ရုံမှ လိုင်းခေါင်းဆောင် မလွင်မာအောင် မှထုတ်ပေးသည့် လစာများထဲမှ ပါရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မလွင်မာအောင်နေထိုင်ရာ အမှတ် ( ၃၂၀/ ၃၂၃) အဆောင် ၊ ချင်းတွင်းလမ်း၊ ( ၅ ) ရပ်ကွက် လိူင်သာယာမြို့နယ် ( အရှေ့ပိုင်း ) သို့ သက်ဆိုင်ရာမှ သွားရောက်စုံစမ်းရာ နေအိမ်မှရှောင်တိမ်းသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။
ထို့နောက်ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါစက်ရုံမှ တခြားအလုပ်သမား အမျိုးသမီးတစ်ဦးထံတွင်လည်း လစာငွေထဲမှ ကျပ် (၁၀၀၀၀) တန်ငွေစက္ကူအတု (၁၁) ရွက်ကို လိုင်းခေါင်းဆောင် မလွင်မာအောင်ထံမှ ရရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ခဲ့ရာ မလွင်မာအောင်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် ( ၆ ) ရပ်ကွက် ပညာပတ်လမ်းနှင့် ပီမိုးနင်းလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး မလွင်မာအောင်၏ ပိုက်ဆံအိတ်ထဲတွင် စဒ ၇၉၁၃၀၆၉ ၊ FR 7913069 အက္ခရာတူ နံပတ်တူ ကျပ် (၁၀၀၀၀) တန်ငွေစက္ကူ အတု (၁၀၇) ရွက်အားထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှ မလွင်မာအောင် နှင့် ၎င်း၏ အမျိုးသား ကိုသီဟအောင် တို့နှစ်ဦးကို အမှုဖွင့်အရေးယူနိုင်ရန် ရဲလုပ်ငန်းစဉ်များအရ ဆက်လက်ဆောင်ရွက်နေကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/10/%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%94%e1%80%ba%e1%80%84%e1%80%bd%e1%80%b1%e1%80%85%e1%80%80%e1%80%b9%e1%80%80%e1%80%b0%e1%80%a1%e1%80%90/