လက်ကျန်နည်းလာသည့် ပြည်တွင်းသကြားစျေးကွက် အမြင့်ဈေးတွင်ရှိနေ
စျေးကွက်တွင် လက်ကျန်နည်းလာသည့်အတွက် သကြားစျေးသည် အမြင့်စျေးတွင်ရှိနေကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ထို့အတူ လတ်တလော ဒေါ်လာစျေး မြင့်တက်လာခြင်းကြောင့်လည်း အတက်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းမှာလဲ သကြား ရောင်းစရာ သိပ်မကျန်တော့ဘူး။ လက်ကျန်နည်းတာလဲပါမယ်။ အခုရက်ပိုင်း ငွေစျေးတွေလဲ ပြောင်းသွားတယ်။ အဲ့ဒီတော့ သကြားစျေးလဲ လိုက်တက်တာပေါ့။ ဒါပေမဲ့ အရောင်းဝယ် အများကြီးမဖြစ်သေးဘူး” ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်လက ပြည်တွင်း၌ သကြားတစ်ပိဿာလျှင် ၃,၀၇၅ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ ၃,၂၀၀ မှ ၃,၃၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒေသအလိုက် အချိန်နှင့်အမျှလည်း ဈေးနှုန်းပြောင်းလဲ နိုင်ပြီး ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက စျေးနှုန်း အဆမတန် မြင့်တက်လာခြင်းလည်းဖြစ်သည်။
လက်ရှိ Export အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျှက်ရှိနေပြီး အဆိုပါနိုင်ငံသို့ သကြား မကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
“ဗီယက်နမ်ကို ထပ်ပြီးမရောင်းနိုင်ဘူး။ ကြံကြိတ်ရာသီကလဲ ပြီးသွားပြီ။ ကြံကြိတ်စက်တွေလဲ တော်တော်များများ ရပ်သွားပြီဆိုတော့ ဗီယက်နမ်ကို ပို့မယ်ဆိုတဲ့ သကြားတွေကလဲ မကြိတ်ခင်တည်းက ကြိုရောင်းထားတဲ့သကြားတွေ တင်ပို့နေတာ။ နောက်ထပ်တော့ စာချုပ်ထပ်မချုပ်ရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၂ – ၂၀၂၃ နောက်ဆုံး ကောက်ယူထားသည့်စာရင်းအရ ပြည်တွင်းသကြားထုတ်လုပ်နိုင်မှုမှ တန်ချိန် လေးသိန်းနီးပါး ထွက်ရှိထားပြီး လက်ရှိလက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့်သာရှိတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင်စတင်ပြီး ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိခြင်းကြောင့် သကြားလက်ကျန်မှာနည်းနေခြင်းလည်းဖြစ်သည်။
ယခုနှစ် ကြံစိုက်တောင်သူများအနေဖြင့် သကြားစျေးကောင်းခဲ့သည့်အတွက် စျေးနှုန်းရရှိမူ တွက်ခြေကိုက်ခဲ့ကြသည်ဟုဆိုသည်။ ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ကြံကြိတ်ရာသီအတွက် ကြံစျေးသတ်မှတ်ထားရာမှ လက်ရှိသကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅,၀၀၀ မှ ၁၀၀,၀၀၀ အထိ တိုးပေးခဲ့ကြောင်း တောင်သူများထံမှ သိရသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/07/08/%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%ac%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90/