မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၌ မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၉ လုံး မီးလောင်ဆုံးရှုံး
မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ကနဦးသတင်းအရ သိရသည်။
မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြား၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ နေအိမ်တစ်အိမ်မှ အသားခြောက်လုပ်ငန်းလုပ်ကိုင်သည့် အိမ်ငှားနေထိုင်သူ၏ အသားခြောက်ကြပ်ကင်ထားသည့်မီးဖို ဆီများသွားပြီး မီးတောက်ရာမှ နေအိမ်ခေါင်မိုးအား မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုအား မီးသတ်ဦးစီးဌာနမှ Level 1 အဆင့်သတ်မှတ်ပြီး မီးငြိမ်းသတ်ရာ နံနက် ၃ နာရီအချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သူများအား အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၂၅/ ၂၀၂၃၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
ကိုကျားကြီး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/14959/