ဧပြီ ၁ ရက်နေ့က စတင်ကာ မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်
ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်မှတ်ပုံတင်အား (၁-၄-၂၀၂၂ )မှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့ အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ကတ်ထုတ်ပေးရေးအတွက် နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေသောကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်တော့ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း အသိပေးထားသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/09/%e1%80%a7%e1%80%95%e1%80%bc%e1%80%ae%e1%81%81%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%80%e1%80%85%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%85%e1%80%ac/