တရုတ်နိုင်ငံသားနှစ်ဦး လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်
အိန္ဒိယနိုင်ငံသားနှင့် ရုရှားနိုင်ငံသူများကို မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ စည်းရုံးခေါ်ဆောင်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်း လုပ်ကိုင်စေခဲ့သူ တရုတ်နိုင်ငံသား နှစ်ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေ ၂၂ ရက်က ထုတ်ပြန်ထားသည်။
လိမ်လည်လူကုန်ကူးခံရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် စေခိုင်းခံခဲ့ရသည့် အဆိုပါ အိန္ဒိယနိုင်ငံသား ၃ဦးနှင့် ရုရှားနိုင်ငံသူ ၂ဦးတို့သည် ပြင်ပထွက်ခွာ၍မရအောင် ရန်ကုန်မြို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်က အဆောက်အဦ တခုထဲ၌ ပိတ်လှောင်ခံခဲ့ရပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်း လုပ်ကိုင်စေကာ သတ်မှတ်တဲ့ လစာ အပြည့်အဝ မပေးဘဲ နေရပ်ပြန်ခွင့်မရအောင် ငွေကြေးနဲ့ ထိန်းချုပ်ထားကာ လုပ်အားခများ ခေါင်းပုံဖြတ် ရယူခံခဲ့ရသည်ဟုဆိုသည်။
ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်နေ မစ္စတာ ဂျောင်ဟွမ်ဟွမ်နှင့် အာဟောက်(ခေါ်) ဖူရီ တို့ နှစ်ဦးသည် အိန္ဒိယ နိုင်ငံသား အမျိုးသား သုံးဦးကို မြန်မာနိုင်ငံရှိ စူပါမားကတ်လုပ်ငန်းတွင် တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀၀ နှင့်လည်းကောင်း၊ ရုရှားနိုင်ငံသူ အမျိုးသမီး နှစ်ဦးကို ရုံးစီမံခန့်ခွဲမှု မန်နေဂျာအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀၀ ဒါမှမဟုတ် ၅၀၀၀ လောက် ရမည်ဟု စည်းရုံးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/05/26/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a6%e1%80%b8-%e1%80%9c/