မန္တလေးမြို့တွင် လေပြင်းတိုက် မိုးသည်းထန်ခဲ့ပြီးနောက် လျှပ်စစ်မီး ၂၄ နာရီခန့် ပြတ်တောက်ခဲ့
ဧပြီလ ၁၈ ရက်နေ့ ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေရာတော်တော်များများတွင် သစ်ပင်များ ဓာတ်တိုင်များ လဲကျခြင်း ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သကဲ့သို့ လျှပ်စစ်မီးလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေပြင်းတိုက်ခတ်ပြီးနောက် ကျိုးကျ ပြိုလဲခဲ့သည့် ဓာတ်တိုင်များအား ပြန်လည်ပြင်ဆင်ခြင်းများကို အချိန်နှင့်တပြေးညီ ပြုလုပ်ခဲ့ကြသော်လည်း ညမထွက်ရအမိန့်ကြောင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် လျှပ်စစ်မီးမှာ တစ်ညလုံး ပြတ်တောက်ခဲ့ရသည်။
နောက်တစ်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရှင်းလင်းရေးများဆက်လက်ဆောင်ရွက်ခဲ့ကြရပြီး ညနေပိုင်းအထိ လျှပ်စစ်မီးပေးနိုင်ခြင်းမရှိဘဲ ပြတ်တောက်နေခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“မီးပျက်တော့ ဖုန်းလည်းအားကုန်ပြီ။ ဖုန်းအားသွင်းဖို့ကို ခက်ခဲကုန်တယ်။ မီးနဲ့ပတ်သက်တာတွေ အကုန် ရပ်ထားရတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။
သစ်ပင်ပြိုလဲကျခြင်းများကိုလည်း မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်းများက အားဖြည့် ဆောင်ရွက်ခဲ့ကြရာတွင် လမ်းတစ်လျှောက် ကျိုးကျ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းကြရပြီး သစ်ပင်ကျိုးကျခြင်းကြောင့် အိမ်ပိမိနေခြင်းများကိုလည်း ကူညီခဲ့ရကြောင်း သိရသည်။
“မန္တလေးမြို့ ၊ ၈၆ လမ်း ၊ ၃၂ နဲ့ ၃၃ လမ်းကြား ၊ မလွန်ကြက်သွန်တန်းမှာ သစ်ပင်ကျိုးကျပြီး အိမ်တလုံးပိမိကာ မိသားစုဝင် ၈ ယောက် ထွက်လမ်း ပိတ်မိနေတာကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က ကူညီကယ်ဆယ်ခဲ့ကြပါတယ်”ဟုလူမှုကွန်ရက်တွင် ရေးတင်ထားသည်ကို တွေ့ရသည်။
တစ်ရက်တာ ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် လျှပ်စစ်မီးပြန်လည်ရရှိနိုင်လိမ့်မည်ကို ဒေသခံများက မျှော်လင့်နေကြကြောင်းသိရသည်။
ကိုခန့်
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/20/fbac72fd8c/