တရုတ်နိုင်ငံအစိုးရ၏အကူအညီဖြင့် ဆောင်ရွက်သည့် အာဆီယံ (မြန်မာနိုင်ငံ) တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်းဆိုင်ရာစာလွှာ လက်မှတ်ရေးထိုး
တရုတ်နိုင်ငံအစိုးရ၏အကူအညီဖြင့် ဆောင်ရွက်သည့် အာဆီယံ (မြန်မာနိုင်ငံ) တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်းအတွက် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် အဆိုပါစီမံကိန်း၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းဖော်ဆောင်ခြင်းဆိုင်ရာ စာလွှာ Exchange Letter ကို မေလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးကြကြောင်း သိရသည်။
အာဆီယံပေါင်းစည်းမှု တည်ဆောက်ရေးကို ပံ့ပိုးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရသည် Initiative for ASEAN Integration (IAI) အရ အာဆီယံအား အကူအညီပေးသည့် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း ဖော်ဆောင်၍ မြန်မာနိုင်ငံ နေပြည်တော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တို့တွင် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်း တစ်ခုစီ ကူညီတည်ဆောက်ပေးပြီး သက်ဆိုင်ရာ ဓာတ်ခွဲခန်းသုံးစက်ကိရိယာများ ပံ့ပိုးပေးကာ လူပုဂ္ဂိုလ်များအား လေ့ကျင့်သင်တန်းပေးခြင်းတို့ စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအား တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် စောင့်ကြည့်စစ်ဆေးရေး စွမ်းရည်တို့ မြင့်မားလာစေရန်အတွက် အကူအညီပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အဆိုပါစီမံကိန်း၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ စီမံကိန်းဖော်ဆောင်ခြင်း Exchange Letter လက်မှတ်ရေးထိုးပြီးနောက် နောက်ထပ်အရေးကြီးသော တိုးတက်မှုတစ်ခု ဖြစ်လာပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုအဆင့်သို့ အပြည့်အဝ ရောက်ရှိလာခြင်းပင်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကောင်းမွန်ရေး၊ မြန်မာပြည်သူများ ကောင်းမွန်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲပြီး မြန်မာပြည်သူများအတွက် မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိဆောင်ရွက်နေဆဲ ကူညီပံ့ပို့မှုစီမံကိန်းများသည် စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ယဉ်ကျေးမှု၊ အနုပညာ၊ ပညာရေး စသည့်နယ်ပယ်များစွာကို လွှမ်းခြုံနေပြီး မြန်မာပြည်သူများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
မြသုခ
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/0ad07f03af/