ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ

ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ

 ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ

ပြီးခဲ့တဲ့အပတ်ကအထိ ကျဆင်းနေခဲ့သည့် စားသုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း လက်လီလက်ကား ရောင်းချနေသည့်ဆီဆိုင်များမှသိရသည်။

ပြည်ပမှ တင်သွင်းနေသည့် စားသုံးဆီအမျိုးမျိုးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် မူတည်နေသည့်အတွက် စျေးမငြိမ်ဖြစ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အပတ်က စားအုန်းဆီ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ် အောက်ရောက်ရှိခဲ့ပြီး လက်ရှိ တစ်ပိဿာလျှင် ၉,၀၀၀ ကျပ် အထိ ပြန်လည်ရောက်ရှိနေသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်ဒေသအပေါ်မူတည်ကာ စျေးနှုန်းအပြောင်းလဲများဖြစ်နေပြီး တချို့ဒေသများ နှင့် တဆင့်ခံ ပြန်ရောင်းနေသည့်ဆိုင်များတွင် တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ အထက်ထိပေါက်စျေး ဖြစ်နေခြင်းလည်း ဖြစ်သည်။

“ဆီစျေး ၈,၀၀၀ အောက် ရောက်သွားတယ်။ ဒါပေမဲ့ တစ်ပတ်တောင်မခံဘူး ၉,၀၀၀ ပြန်ဖြစ်သွားတယ်။ တချို့လက်လီဆိုင်တွေဆို ၉,၀၀၀ ကျော် သွားတယ်။ အဓိက ဒေါ်လာစျေးနဲ့ဆိုင်မယ်။ ဒေါ်လာစျေးက အတက်အကျပြောင်းနေတော့ ကျလဲ ခဏပဲ” ဟု ဆီလက်လီလက်ကား ရောင်းနေသည့် ဆိုင်တစ်ဆိုင်မှ ပြောသည်။

စျေးကွက်တွင် ဆီဈေး ၈,၀၀၀ အောက်ကျသွားစဉ်က ဆီလှောင်ထားသည့် Importer များမှာ အသည်းအသန် ထုတ်ရောင်းခဲ့ခြင်းများလည်း ရှိခဲ့ကြောင်းသိရသည်။ ပြည်တွင်းထုတ်ကြိတ်ဆီများ ဖြစ်သည့် ပဲဆီ ၊ နှမ်းဆီများမှာလည်း ကုန်ကြမ်းရှားလာခြင်း၊ စက်သုံးဆီစျေးများမြင့်တက်နေခြင်း တို့ကြောင့် စျေးကောင်းနေခြင်းဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တချို့ထံမှ သိရသည်။

လက်ရှိ ရန်ကုန် စျေးကွက်တွင် နှမ်းဆီ တစ်ပိဿလျှင် ၁၁,၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿလျှင် ၁၃,၅၀၀ ကျပ် အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

“စားအုန်းဆီစျေးက ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီစျေးတွေကို အမှီလိုက်နေတာ။ ပဲဆီတွေလည်း တက်နေတယ်။ ဟိုတစ်ပတ်ကမှ စျေးတွေကျသွားလို့ ပျော်နေတာ။ အခု ပြန်ဝယ်တော့ စျေးပြန်တက် သွားတယ်။ ကျရင်တော့ ခဏပဲ တက်ရင်တော့ ပြန်ကိုမဆင်းတော့ဘူး” ဟု မြန်မာမုန့်ရောင်းချသူတစ်ဦး ကပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဆီစက်များပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိခြင်း၊ စက်သုံဆီစျေးများမြင့်တက်ခြင်း စသည့် အခက်အခဲများကြုံတွေ့နေရကြောင်း ဆီစက်လုပ်ငန်းရှင် များထံမှ သိရသည်။

“ကုန်ကြမ်းရှားပါးလို့ ပဲဆီစျေးတွေ မြင့်တက်နေတာလို့ ပြောလို့ရတယ်။ နောက်ပြီး လျှပ်စစ်မီးလဲ မရ စက်သုံးဆီကလဲ စျေးတွေတက်နေတော့ စျေးမြင့်လာတဲ့ သဘောပါ” ဟု  ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောထားသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ ၇သိန်းအကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%85%e1%80%bb%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 9月 24, 2022 12:03 下午
下一篇 9月 24, 2022 12:05 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....