ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၁)

ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခုဖြစ်တဲ့ ရှင်းကျန်းသို့ အလည်တစ်ခေါက် ရောက်ခဲ့တယ် (၁)

ပြီးခဲ့တဲ့အောက်တိုဘာလ ဒုတိယပတ်က ကွဲပြားတဲ့ ရှုခင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ကျော်ကြားတဲ့ ရှေးဟောင်းပိုးလမ်းမ အဓိကနေရာကြောင့် လူသိများထင်ရှားလှတဲ့ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကို တစ်ပတ်တာ သွားရောက်လည်ပတ်လေ့လာခွင့်ရခဲ့ပါတယ်။

ဒီခရီးစဉ်ကို ဟောင်ကောင်၊ မကာအိုနဲ့ အရှေ့တောင်အာရှ မီဒီယာအဖွဲ့တွေနဲ့အတူ သွားရောက်လေ့လာခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ရှင်းကျန်းဟာ ရှေးဟောင်းပိုးလမ်းမရဲ့ အဓိကနေရာဖြစ်သလို ယနေ့ခေတ် ရှင်းကျန်းဒေသဟာ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ဗဟိုချက်တစ်ခု ဖြစ်တယ်လို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ရှင်းကျန်းပြည်နယ်ရဲ့အကျယ်အဝန်းက တရုတ်နိုင်ငံရဲ့ ၆ပုံ၁ပုံထိရှိတာမို့ အရမ်းကိုကျယ်ပြောလှပါတယ်။ ရှင်းကျန်းပြည်နယ်တစ်ခုထဲမှာကိုပဲ သဲကန္တရရှိတယ်။ ရေခဲတောင်ရှိတယ်။ တစ်နေရာက နေထွက်နေချိန်မှာ နောက်တစ်နေရာက နေထွက်ဖို့စောင့်နေဆဲပါ။ နေ့ညအပူချိန်ကလည်း သိသာတဲ့ကွာခြားမှုတွေရှိပါတယ်။ ရာသီဥတု သဘာဝအနေအထားတွေ ကွာခြားချက်တွေရှိနေလို့လည်း ရှင်းကျန်းဒေသဟာ အလှအပပေါင်းစုံ ရှုခင်းပေါင်းစုံ စုစည်းနေတာလည်းဖြစ်ပါတယ်။

ဒီလို သာယာလှပတဲ့နေရာကို အရင်ကတည်းက သွားချင်နေခဲ့တာပါ။ ကိုယ်တိုင်က ဓာတ်ပုံနဲ့ အနုပညာကို စိတ်ဝင်စားသူမို့ စာစောင်တွေ၊ စာအုပ်တွေမှာ အရင်ကတွေ့နေခဲ့တဲ့ တစ်မျှော်တစ်ခေါ်ရှုခင်းတွေဆိုတာ ရှင်းကျန်းမှာ ရှိနေတာပါလားဆိုပြီးသိခဲ့တဲ့အချိန်ကစပြီး ရှင်းကျန်းဆိုတဲ့ သာယာလှပ ရှုခင်းအပေါင်း ဆုံစည်းနေတဲ့နေရာကို သွားချင်နေခဲ့တာပါ။

အခုတော့ Belt and Road Initiative (BRI) (၁၀)နှစ်ပြည့် အချိန်သမယနဲ့တိုက်ဆိုင်ပြီး ရှုခင်းသာယာ ဖွံ့ဖြိုးတိုးတက်မှုတွေ အံ့မခန်းဖြစ်လာတဲ့ ရှင်းကျန်းဆိုတဲ့နေရာကို ရောက်ခဲ့ရပါပြီ။ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ထဲက Kashi, Aksu, Urumuqi ဆိုတဲ့မြို့တွေကို အဓိကထားပြီး ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ရှင်းကျန်းက တရုတ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ Kashi မြို့က အနောက်မြောက်ဘက်စွန်းမှာရှိတဲ့ ဒေသတွင်းမှာ ရှေးအကျဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး ကြွယ်ဝတဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရှိတယ်။ ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့လည်း နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ သူက ရှေးဟောင်း ပိုးလမ်းမတစ်လျှောက် အရေးပါတဲ့ အချက်အချာနေရာတစ်ခုလည်း ဖြစ်ခဲ့တယ်။

Kashi (Kashgar) မြို့ကိုမှ မရောက်ရင် ရှင်းကျန်းကိုရောက်တယ်လို့ မဆိုနိုင်ဘူးတဲ့လေ။ ဒီတော့လည်း ရောက်အောင်သွားခဲ့တာပေါ့။ အောက်တိုဘာလ ၈ ရက်နေ့မှာ Kashi မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ခရီးစဉ်ရဲ့အစမြို့လည်းဖြစ်ပါတယ်။ Kashi မြို့မှာ ဒေသစံတော်ချိန် မနက် ၉ နာရီမှ နေထွက်တယ်။ အိပ်ရေးဝဝအိပ်ပြီး နောက်ကျမှ အိပ်ရာထလို့ရတယ်လေ။ နေဝင်တာလည်းနောက်ကျတော့ ညဈေးယဉ်ကျေးမှုထွန်းကားတယ်။ ညဘက်တွေမှာပါ အေးအေးဆေးဆေး စားရင်းသောက်ရင်း လည်ပတ်လို့ရတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ Kashi မြို့မှာ A ငါးလုံးအဆင့်သတ်မှတ်ထားတဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်ကို သွားရောက်လည်ပတ်ပါတယ်။ အရှေ့ဘက်တံခါးအဝင်ပေါက်မှာ မနက်ခင်းပိုင်းတိုင်း အတီးအမှုတ်အကအခုန်တွေနဲ့ ကြိုဆိုတဲ့အခမ်းအနား ရှိတာကြောင့် အဲဒါကိုအမှီ သွားရောက်လေ့လာခဲ့ပါတယ်။ Kashi ရှေးဟောင်းမြို့တော်ထဲမှာ လက်မှုပညာဈေးတွေဖြစ်တဲ့ ပန်းအိုး၊ မြေထည်၊ သံထည်၊ သစ်သားထည်၊ ဝီဂါတိုင်းရင်းဆေး၊ ဝီဂါရိုးရာဝတ်စုံနဲ့ဦးထုပ် စတဲ့ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့ ပစ္စည်းအရောင်းဆိုင်တွေ အများအပြားက ဝယ်ချင့်စဖွယ် စွဲဆောင်လျက်ရှိပါတယ်။ ရိုးရာအစားအစာတွေလည်းရောင်းချသလို ရှေးဟောင်းမြို့ထဲမှာပဲ တည်းခိုလို့ရတဲ့ နေအိမ်တည်းခိုရိပ်သာတွေလည်း ရှိပါတယ်။ ရိုးရာဝတ်စုံအငှားဆိုင်လည်းရှိတော့ ဝတ်စုံငှားပြီး တစ်နေကုန် လည်ပတ်လို့မကုန်တဲ့ ရှေးဟောင်းမြို့ထဲမှာ ဒေသခံတွေနဲ့အတူ အဲဒီမှာတည်း အဲဒီမှာစားပြီး ရိုးရာယဉ်ကျေးမှုကို ခံစားလို့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်

ဘဦး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/15/%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1天前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....