ပို့ကုန် ပဲ၊ နှမ်းများ အမြင့်ဈေးအတိုင်း တည်ငြိမ်နေသော်လည်း ပဲစင်းငုံမှာ ကြိုရောင်းဈေးကွက်တွင် အရောင်းအဝယ်သွက်နေ
ပို့ကုန် ပဲ နှင့် နှမ်းဈေးကွက်မှာ အမြင့်ဈေးအတိုင်း တည်ငြိမ်နေပြီး ပဲစင်းငုံမှာ ကြိုရောင်းကြိုဝယ် ဈေးကွက်၌ အရောင်းအဝယ် သွက်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။
ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်မှုမရှိသေးသည့် ဒီဇင်ဘာလအတွင်း ပဲ၊နှမ်းဈေးကွက် အရောင်းအဝယ်အေးသည့် ကာလဖြစ်သလို ပဲသစ်ရာအတွက် ကြိုရောင်း၊ ကြိုဝယ်ဈေးကွက်ဖြင့် ခပ်အေးအေး အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပြီး ပို့ကုန်ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်ငွေကျပ် ၂၉၀၀၀၀ ထိ ဈေးကောင်းနေခြင်း ဖြစ်သည်။
ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် ပို့ကုန်ပဲများ အပါအဝင် ဈေးမြင့်တက်လာသည့် ပဲ၊ နှမ်း ဈေးကွက်မှာ စက်သုံးဆီ အခက်အခဲကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးသွားကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းမှာလည်း တည်ငြိမ်နေခြင်းကြောင့် ဈေးကွက်အတွက် ပဲ၊နှမ်းဈေးနှုန်းများလည်း တည်ငြိမ်နေကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် လမ်း ကြောင်းမှာလည်း သယ်ယူစရိတ် ကြီးမြင့်ခြင်းကြောင့် ကုန်သည်များ စောင့်ကြည့် ဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ်အေးခြင်း ဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
“ပို့ကုန်မူဝါဒ အပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း ဈေးမြင့်တက်လာသည့် ပဲ၊နှမ်းဈေး ကွက်က ဆက်လက်ဈေးမြင့်နိုင်ခြင်းမရှိ ဈေးတည်ငြိမ်နေပါတယ်။ ငွေဈေးလည်းငြိမ်နေသလို ပို့ကုန် ပဲ၊ ပြည်တွင်းပဲတွေလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ တရုတ်ကဝင်တဲ့ ကနေဒါစားတော်ပဲကတော့ ဈေးအနည်းငယ် တက်ပါတယ်။ ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပစ္စည်းမရောက်သေးပေမယ့် ကြိုရောင်း ဈေးကွက်မှာ ဈေးဆက်လက် မြင့်တက်လာပါတယ်။ ယခင် သီတင်းပတ်ထက် သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၂၀၀၀၀ လောက် ဈေးတက် အရောင်းအဝယ် ကောင်းနေပါတယ်။ မြေပဲဆန်ကတော့ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဝင်များလာတော့ ဆီစက်ပိုင်တွေ ထိန်းဝယ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၁၄ ရက် ပေါက်ဈေးများမှာ သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ပေါက်ဈေးသာ ရှိတော့ပြီး ပဲစင်းငုံမှာ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးသော်လည်း နယ် ကြိုရောင်း၊ ကြိုဝယ် ဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်း အညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်နေ သည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/20/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%95%e1%80%b2%e1%81%8a-%e1%80%94%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1/