မြန်မာနိုင်ငံအရေးကိစ္စကို တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ ကောင်းမွန်စွာဖြေရှင်းသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောကြား
တရုတ်နိုင်ငံသည် အာဆီယံက မြန်မာနိုင်ငံအရေးကိစ္စတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအား ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအား တွန်းအားပေးသွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကအလေးထားပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပေကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
Mr. Wang Yi က မကြာသေးမီက တရုတ်နိုင်ငံ၏ တက်တက်ကြွကြွ ကြားဝင်စေ့စပ်မှုနှင့် အဆက်မပြတ်တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးသည် ကူမင်းမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဆောင်ခဲ့ကာ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ တင်းမာမှုလျော့ကျလာခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် တရုတ်နိုင်ငံနှင့် အာဆီယံစသည့် ဒေသတွင်းနိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီချက်များကို လက်တွေ့ကျကျဖော်ဆောင်ကာ အတတ်နိုင်ဆုံးထိန်းသိမ်းစွာ လုပ်ဆောင်၍ လက်ရှိအခြေအနေတင်းမာမှုလျော့ကျစေရေးအတွက် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Mr. Wang Yi က မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ္စ၊ မြန်မာနိုင်ငံအရေးကိစ္စတို့သည် မူရင်းသဘောအရ မြန်မာနိုင်ငံပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စ ဖြေရှင်းမှုအတွက် အဖြေသည် မြန်မာနိုင်ငံပြည်သူလက်ထဲတွင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံက မြန်မာနိုင်ငံအရေးကိစ္စတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းအား ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအား တွန်းအားပေးသွားလိုကြောင်း အလေးထားပြောကြားခဲ့ခြင်း ဖြစ်သည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/12/22/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%be/