ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားဈေးနှုန်းများ ဈေးမြင့်တက်လာ
ပြည်တွင်းစားသုံးမှု များပြားသည့် ဆန်အမျိုးအစား စပါးဈေးမြင့်တက်လာမှုနှင့်အတူ ဖေဖော်ဝါရီလ တတိယပတ်တွင် ဆန်ဈေးနှုန်းမြင့်တက်လာကြာင်း ဆန်လက်လီလက်ကား ရောင်းချသူများထံမှ သိရသည်။
တောင်သူများလက်ဝယ်တွင် စပါးလက်ကျန်နည်းပါးပြီး စပါးလှောင်လက်များထံ၌ စပါးလက်ကျန်ရှိနေခြင်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ဟု ရွှေဘိုနယ်မှ ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။
“စပါးက တောင်သူတွေဆီမှာ မရှိသလောက်ပဲ ။လှောင်လက်တွေဆီက စပါးကို ဆန်စက်တွေက ဝယ်ရတော့ ဈေးတက်လာတယ်။ စပါးဈေးလည်း ခုရက်ပိုင်းမှာကို တော်တော်တက်သွားတယ်။ တောင်သူအချို့ စပါးမစိုက်ဘဲ ပဲစိုက်ကြသူတွေများလာလို့ နောက်နှစ်နွေစပါးအထွက်နှုန်းကလည်း နည်းသွားနိုင်တယ်။”ဟု ၎င်းကပြောသည်။
ပြည်တွင်းဆန်ဈေးကွက်တွင် ရက်ပိုင်းအတွင်း မြင့်တက်လာပြီး ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်က ဈေးနှုန်း များထက် ဆန်အမျိုးအစားအလိုက် တစ်ပိုင်းလျှင် ပျမ်းမျှ ကျပ် ၃၀၀၀-၄၀၀၀ ဝန်းကျင် မြင့်တက်လာကြောင်း၊ အချို့တောင်သူများသည် စပါးစိုက်ခြင်းထက် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးမှုများ ရှိလာပါက စပါးအထွက်နှုန်း ကျဆင်းနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန်စည်ဒိုင်အဖွဲ့ဝင်တစ်ဦးက သုံးသပ်ထားသည်။
“ပြည်တွင်းစားတဲ့ ဆန်ဈေးတက်လာတာက Export အဝယ်နဲ့ မဆိုင်ဘူး။ Export ဆန်အမျိုးအစားက ပြည်တွင်းစားသုံးမှု မရှိသလောက်ပဲ။ ဈေးတက်လာတယ်ဆိုတာ ဝယ်လိုအားနဲ့ ထုတ်လုပ်မှု မမျှတတဲ့ အနေအထား ဖြစ်လာလို့ပါ။ နွေစပါးပေါ်လာရင်တော့ ဆန်ဈေးငြိမ်လာနိုင်မှာပါ” ဟု ၎င်းကပြောသည်။
ဖေဖေါ်ဝါရီ ၂၂ရက်နေ့ရှိ ဆန်ဈေးနှုန်းများမှာ ၂၄ ပြည်တစ်တင်းခွဲ တစ်အိတ်လျှင် ဧရာမင်းဆန်အဟောင်း ၅၅၀၀၀ကျပ်၊ အသစ် ၄၅၀၀၀ ကျပ်၊ ပေါ်ဆန်မွေး အဟောင်း ၇၀၀၀၀ ကျပ်၊ အသစ် ၅၈၀၀၀ကျပ်၊ လုံးသွယ်မွှေး အသစ် ၄၅၀၀၀ ကျပ် အသီးသီးဖြင့် ပေါက်စျေးဖြစ်နေကြောင်း သိရသည်။
ရွှေနွယ်ကြိုး
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/b1d4400980/