ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ရေး၂၁ ရာခိုင်နှုန်း ပြီးစီး
ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂)က တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ တံတားတစ်စင်းလုံးတည်ဆောက်မှု၏ ၂၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဟုမ္မလင်းနှင့် ခန္တီးမြို့များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲတို့ကို ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းတံတား(ထမံသီ) သည် ပင်းမာ-ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းပေါ်တွင် တည်ရှိသည်။
တံတားဦးစီးဌာနမှ တည်ဆောက်ဆဲ ချင်းတွင်း တံတားသည် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင်တိုင် ၂၄၇ ရှိ ပင်းမာရွာမှ ချင်းတွင်းမြစ်ကို ဖြတ်၍ ထမံသီမှတစ်ဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲကို ဆက်သွယ်ပေးမည့် တံတားတစ်စင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပင်မတံတားရေလယ်တိုင် အုတ်မြစ်၊ ချဉ်းကပ်တံတား အုတ်မြစ်နှင့် ကိုယ်ထည်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် mini budget မှာတော့ ပင်မတံတား ရေလယ်တိုင် အုတ်မြစ်လုပ်ငန်းနှင့်ချဉ်းကပ်တံတား ကိုယ်ထည်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) မှ ညွှန်ကြားရေးမှူး ကပြောသည်။
တံတားဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးတွင် ပင်မတံတား ရေလယ်တိုင်အုတ်မြစ်လုပ်ငန်းနှင့် ကိုယ်ထည်လုပ်ငန်းများ၊ ချဉ်းကပ်တံတား ကိုယ်ထည်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းတံတား(ထမံသီ)သည် အရှည် ၈၀၁ မီတာ၊ တံတားခံနိုင်ဝန် ၇၅ တန် ရှိမည် ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ ပင်မတံတား အရှည်သည် ၄၈၃ ဒသမ ၅ မီတာ ရှိသံမဏိသံပေါင်ခုံးတံတား အမျိုးအစား ဖြစ်သည်။ တံတား၏ ချဉ်းကပ်နှင့် ပင်မရေလယ်တိုင် အုတ်မြစ်များကို သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကြောင်း တံတားဦးစီးဌာနမှ သိရသည်။
ချင်းတွင်းမြစ်သည် ဟူးကောင်းချိုင့်ဝှမ်းတွင် မြစ်ဖျားခံ စီးဆင်းလာပြီး မိုင် ၇၅၀ ခန့် ရှည်လျားကာ ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့နှင့် ရေစကြိုမြို့ အနီးတွင် စီးဝင်သည်။ ချင်းတွင်းမြစ်ပေါ်တွင် ချင်းတွင်းတံတား (ဆင်ဖြူရှင်)၊ ချင်းတွင်းတံတား (မုံရွာ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)၊ ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်းတံတား (ခန္တီး) တို့ကို တည်ဆောက်ပြီးဖြစ်သည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/15/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b6%e1%80%90%e1%80%ac%e1%80%b8-%e1%80%91%e1%80%99%e1%80%b6%e1%80%9e%e1%80%ae%e1%80%90/