ကန့်ဘလူမြို့နယ်တွင် လယ်မြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် ဖော်ထုတ်မည်
ကန့်ဘလူမြို့နယ်တွင် လယ်မြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ် စနစ်တကျဖော်ထုတ်မည် ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှသိရသည်။
ကန့်ဘလူမြို့နယ် ခါးတောက်ရင်းအုပ်စု ကံရိုးကျေးရွာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
ဒေသခံတောင်သူများ၏ ပုံသဏ္ဌာန်မမှန်သော လယ်ယာမြေကွက်များကို ပုံသဏ္ဌာန်မှန်သွားအောင် ၁၆ ပေအကျယ် ကုန်ထုတ်လမ်း နှစ်လမ်း၊ လယ် ၁ ဧကကွက် ၂ ကွက်ခြား ရေသွင်း/ရေထုတ်မြောင်း ၁ မြောင်း၊ ရေတံခါး ၁၂ ခု၊ လယ် ၁ ကွက်ချင်း စီအတွက် ထွန်စက်တက်/ဆင်းလမ်း၊ ရေယူအဆောက်အအုံ ၂ ခု၊ ထွန်စက်ကြီး ၅ စီး၊ မြေညှိကိရိယာ၊ ၇ သွား ထယ် ၅ လက်၊ ဘက်ဟိုး ၁ စီး၊ မြေကော်ကား ၁ စီး၊ မြေသယ်ယာဥ် ၃ စီးတို့ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
“တောင်သူတွေ စိုက်၊ ရိတ်၊ သိမ်းစနစ် ပိုမိုကောင်းမွန်လာပြီး ကုန်ထုတ်စွမ်းအားတွေ တိုးမြှင့်လာမှာ ဖြစ်ပါတယ်”ဟု ကန့်ဘလူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ထွန်းက ပြောသည်။
စက်မှုလယ်ယာများဖော်ထုတ်ရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်သည့်အခါ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သောမြေအကျယ်အဝန်း တိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှသည် နှစ်သီးသုံးသီး စိုက်ပျိုး နိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေး ကုန်ထုတ်လမ်းများ စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“စနစ်ကျ လယ်ယာမြေတွေဟာ ရေထိုင်၊မြေထိုင်ကောင်းမွန်တဲ့အတွက် သမားရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်တယ်။ စျေးကွက်ကိုပို့ဆောင်ရာမှာ လွယ်ကူတဲ့ အားသာချက်တွေ ရှိပါတယ်”ဟု တောင်သူတစ်ဦးကပြောသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%80%e1%80%94%e1%80%ba%e1%80%b7%e1%80%98%e1%80%9c%e1%80%b0%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%9a%e1%80%ba/