ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု စံချိန်တင် ဈေးမြင့်တက်နေ
ပို့ကုန် ပဲစင်းငုံနှင့် ပြည်တွင်း သုံး ကုလားပဲအုပ်စုသာ စံချိန်တင် ဈေးမြင့်တက်နေသော်လည်း အခြား ပဲမာလိုင်းများမှာ ပုံမှန်သာ အရောင်းအဝယ်ရှိကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အရောင်းသမားများ ထုတ်ရောင်းသည့် ပမာဏသာ စောင့်ဝယ်ယူရသည့် အခြေအနေ ဖြစ်ခြင်းကြောင့် စံချိန်တင် ပေါက်ဈေးများဖြစ်လာကြောင်း၊ နှမ်းမျိုးစုံ ဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ အထိ အမြင့်ဈေးဖြင့် အရောင်း အဝယ်သွက်နေကြောင်း၊ ပို့ကုန်ပဲများတွင် ပဲစင်းငုံဈေးမှာ ဆက်လက် မြင့်တက်နေသော်လည်း မတ်ပဲ ဈေးမှာ ပုံမှန်သာ အရောင်းအဝယ် ရှိကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
“ပြည်တွင်းသုံးကုလားပဲ ပေါက်ဈေးတွေက ပဲဈေးကွက်မှာ မကြားဖူးတဲ့ ပေါက်ဈေးတွေ ဖြစ်လာတယ်။ လက်ကျန်နည်းလာလို့ လှောင်လက်အရောင်းသမား ထုတ်ရောင်းသလောက်ပဲ ဝယ်ယူနေရတာပါ။ အရင်တစ်ပတ် ကတည်းက စံချိန်တင်ဈေးဖြစ်နေတာ။ အခုလည်း လက်ကျန်နည်းတော့ ဆက်ပြီး ဈေးကောင်းနေတုန်းပါ။ ပို့ကုန် ပဲစင်းငုံနီက သုံးတင်းဝင်တစ်အိတ်ကို ၃၁၅၀၀၀ကျပ် အထိ ပေါက်ဈေးဖြစ်နေပါတယ်။ မတ်ပဲကတော့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေးနဲ့ ပုံမှန်သာအရောင်းအဝယ် ဖြစ်နေပါတယ်။ နှမ်းအသစ် အဝင် အနည်းငယ်သာရှိပေမယ့် နှမ်းစိုက်ခင်းများ ပျက်စီးမှုအချို့ ရှိလို့ နှမ်းမျိုးစုံဈေးကွက်က ရက်ပိုင်းအတွင်း အမြင့်ဈေးဖြစ်လာပါတယ်။ လက်ရှိမှာ နှမ်းနက်စမုံ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၃၅၀၀၀၀ အထိ ပေါက်ဈေး ရှိလာပါတယ်။ တရုတ်လိုင်း တင်ပို့ဖို့ သိုလှောင်ထားတဲ့ နှမ်းနက်ကုန်သည်အချို့ဆီမှာလည်း နှမ်းနက်များစွာ တင်ပို့ဖို့ ကျန်ရှိနေပါတယ်။ လက်ရှိမှာတော့ အရောင်းအဝယ် ခပ်သွက်သွက် ဖြစ်နေပါတယ်။ တရုတ်အစိုးရရဲ့ အခွန်ဆိုင်ရာ ပြဿနာကြောင့် တရုတ်ဝယ်လက်များတဲ့ မြေပဲဆန်က ဈေးခပ်အေးအေး ဖြစ်နေပါတယ်။ လက်ရှိဈေးကွက်မှာ ပို့ကုန်ပဲစင်းငုံနှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုသာ အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/12/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%95%e1%80%b2%e1%80%85%e1%80%84%e1%80%ba%e1%80%b8%e1%80%84%e1%80%af%e1%80%b6%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba/