တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့်ကျဆင်းလာ
ပြည်တွင်း စားသုံးမှုဆန်ဈေးကွက်တွင် အများအားဖြင့် ဆန်ချောထက် ဈေးသက်သာသော ဆန်ကြမ်းကို ပိုမိုစားသုံးလာကြသော်လည်း ယင်းဆန်ကြမ်းဈေးမှာ တစ်ပတ်အတွင်း တစ်ပိုင်းလျှင် ငွေကျပ် ၂၀၀၀ ခန့် ကျဆင်းလာကြောင်း သိရသည်။
လာမည့် အောက်တိုဘာတွင် မိုးစပါးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ လာမည့်အချိန်များ၌ ဆန်ဈေးကွက် အကျပိုင်း ရောက်ရှိနိုင်သည်ဟု ကုန်သည်များကပြောသည်။
“၁၀လပိုင်းလောက်မှာ မိုး စပါးတွေ ပေါ်တော့မယ်ဆိုတော့ ဆန်ဈေးက အကျဘက် ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပြီးချိန်နောက်ပိုင်း ဆန်ဈေးတွေ ထိုးတက်သွားတော့ လှောင်ကြသူတွေရှိခဲ့ပေမယ့် ဒါကမူမမှန်တဲ့ ဈေးကွက် လို့ သုံးသပ်တယ်။ ဆန်ကြမ်းဈေး ကိုပဲ ဝယ်ကြတာများပေမယ့် ဒီတစ်ပတ်အတွင်းမှာ ဆန်ကြမ်းဈေးက ကျလာပြီ”ဟု မန္တလေးမြို့မှ ဆန်ပွဲရုံတစ်ခုက ပြောသည်။
မန္တလေးဆန်ဈေးကွက်တွင် စစ်ကိုင်းတိုင်းဘက်မှ ထွက်ရှိသော ရွှေဝါထွန်းဆန်၊ ၇၄၇ ဆန်နှင့် ၇၂ ဆန်တို့မှာ စပေါ်လာပြီဖြစ်ပြီး ဆန်ကြမ်းဈေးကွက်တွင် တစ်ပိုင်း လျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင် ကျဆင်းလာကြောင်း၊ ကမ္ဘာ့ဆန် ဈေးကွက်တွင်လည်း မြန်မာ့ဆန် က ဈေးကွက်အမြင့်ဆုံးဖြစ်နေ၍ နိုင်ငံခြားတင်ပို့မှု မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း အဆိုပါဆန်ပွဲရုံကပြောသည်။
“ဆန်ဈေးတက်ဖို့က လက်ရှိ အနေအထားမှာ မဖြစ်နိုင်သေးဘူး။ စစ်ကိုင်းဘက်က ဆန်တွေ ထွက်အားကောင်းတယ်ဆိုတော့ ဇွန်လကုန်ပိုင်းဆိုရင် ဈေးပြုတ်ကျနိုင်တယ်။ ဆန်ဈေးတက်တယ်ဆိုရင် အရောင်းပါးပြီး ဈေးကျမှ ရောင်းအားကောင်းတာပါ။ ဈေးတက်ရင် ဆန်ကုန်သည်တွေက သိပ်မလှောင်ကြတော့ဘူး” ဟု ဆက်လက် ပြောကြားသည်။
စပါးဈေးကွက်တွင် မိုးကြို စပါးများထွက်ရှိခြင်း၊ နွေစပါးများ လက်ကျန်များနေခြင်းတို့ကြောင့် စပါးရောင်းချသူ၏ ခေါ်ဈေးသာ ရှိပြီး ဝယ်လက်မှ ဈေးဖွင့်ဝယ်ယူခြင်းမရှိဖြစ်နေ၍ ဆန်နှင့် စပါးမှာ အကျဘက်သို့ ဦးတည်နေပြီး ယခုအချိန်တွင် စပါးသိုလှောင်ခြင်း၊ ဆန်လှောင်ခြင်းများ မပြုသင့်ကြောင်း ဆန်စပါးကုန်သည်အချို့ က သုံးသပ်ပြောကြားသည်။
ရွှေနွယ်ကြိုး
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/06/26/%e1%80%90%e1%80%85%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%86%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%85/