မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၂၃) ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က နှစ်စဉ်ထုတ်ဝေလေ့ရှိသည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ကို ၂၀၂၃ ခုနှစ်အတွက် ဖြန့်ချိလျက်ရှိကာ ရောင်းဈေးငွေကျပ် ၉၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) သည် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားသည့် အဖြစ်အပျက်အချို့ကို ရေးသားပြုစု ပုံနှိပ် ထုတ်ဝေထားခြင်း ဖြစ်ပြီး အပိုင်းကြီး သုံးပိုင်းခွဲ၍ တင်ပြထားသည်။ ပထမပိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားသည့်ဖြစ်ရပ်များကို နိုင်ငံပိုင်သတင်းစာပါ သတင်းများနှင့်ညှိနှိုင်း၍ ရက်စဉ်မှတ်တမ်းအဖြစ် ရေးသားပြုစု ဖော်ပြထားခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် စာပေပညာရှင်နှင့် သုတေသီတို့က ရေးသားပြုစုထားသည့် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားစွာဖြစ်ပေါ်လာသော အကြောင်းအရာများကို သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ညှိနှိုင်းကာ သုတေသနပြုရေးသားထားသော အထူးဆောင်းပါးကြီးများ ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ကမ္ဘာနှင့် မြန်မာ့ရာသီဥတု ပြောင်းလဲလာမှု၊ (၇၅) နှစ်ပြည့် စာပေဗိမာန် စိန်ရတုသဘင်၊ စာပေဗိမာန်မှ စာပေနိဗ္ဗာန်သို့၊ တစ်ခေတ်တစ်ခါက မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ၊ နိုင်ငံတော် ၏ ပုံနှိပ်မီဒီယာခရီး နှစ်ငါးဆယ် ပြည့်ရွှေရတု၊ ကမ်းစပ်နှင့်ရေလှိုင်း၊ ၂၀၂၂ ကမ္ဘာ့စီးပွားရေး လျှပ်တစ်ပြက် အကြည့်အမြင်၊ မျောက်ကျောက်ရောဂါ၊ ရုရှား – ယူကရိန်း စစ်ပွဲစသည်တို့ ပါဝင်သည်။ တတိယပိုင်းတွင် ၂ဝ၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာနှင့်နိုင်ငံတကာမှ ထင်ရှားသည့် ဖြစ်ရပ်အချို့နှင့် ကွယ်လွန်ထင်ရှား ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို ဖော်ပြထားကြောင်း သိရသည်။
မြန်မာ့စွယ်စုံကျမ်း(၁၅)တွဲ ၏ အဖြည့်ကျမ်းဖြစ်သော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (Year Book)များကို ၁၉၇၈ ခုနှစ်ကစတင်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က အထွေထွေဗဟုသုတရှာမှီးသူ များအတွက်သာမက သုတေသီပညာရှင်များအတွက်ပါ ရည်ညွှန်းကျမ်းတစ်စောင်အဖြစ် အားကိုးအားထားပြုနိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ပြုစုပုံနှိပ်ထုတ်ဝေခဲ့ရာ ယခုထုတ်ဝေဖြန့်ချိလိုက်သည့် မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) အပါအဝင် ၄၆ အုပ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/08/01/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%85%e1%80%bd%e1%80%9a%e1%80%ba%e1%80%85%e1%80%af%e1%80%b6%e1%80%80%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%85/