စက်သုံးဆီစျေး အဆမတန်တက်သွားသောကြောင့် စားသုံးဆီမှအစ လူသုံးကုန်စျေးများ တက်သွားရာ စားသုံးသူအများစု အခက်တွေ့လာ
စက်သုံးဆီစျေး အဆမတန်တက်သွားသည့်အတွက် စားသုံးဆီမှအစ လူသုံးကုန်စျေးနှုန်းများ တက်သွားသည်ကို စားသုံးသူအများစု ခက်ခဲမှုနှင့်ကြုံတွေ့လာကြောင်းသိရသည်။
“စက်သုံးဆီစျေးတက်တော့ ကုန်စျေးနှုန်းက အကုန်တက်သွားတယ်။ နှမ်းဆီပဲဆီကအစ အဝတ်အထည် လူသုံးကုန်ပစ္စည်းတွေ စျေးတက်ကုန်တယ်။ စက်သုံးဆီစျေးက ကြောက်စရာကောင်းအောင် တက်သွားတာပါ”ဟု ကုန်ကားဂိတ်တာဝန်ခံ ဦးဇော်ဝင်း ကပြောသည်။
ယခင်စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁၅၀၀ ကျော်မှ ယခုတွင် ကျပ်၂၀၀၀ ကျော်အထိ စျေးပေးဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
“စားသုံးဆီ နှမ်းဆီဆိုရင် ပြီးခဲ့တဲ့ ၂ရက် ၃ရက်က တစ်ပိသာ ၆၅၀၀ ကျပ် စျေးရှိရာက မနေ့က ၇၅၀၀ ဖြစ်သွားတယ်။ ပဲဆီတစ်ပိသာ ၈၀၀၀ ပေးဝယ်နေရတယ်။ ဟင်းချိုမှုန့်တစ်ထုတ်ဆိုရင် ၁၀၀၀ ကျပ်ကနေ အခု ၁၃၀၀ ကျပ်စျေး ဖြစ်သွားတယ်”ဟု ဦးဇော်ဝင်းကပြောသည်။
နိုင်ငံခြားမှတင်သွင်းသည့် စားသုံးဆီစျေးနှုန်း(၄)ဆခန့် မြင့်တက်ရခြင်းသည် အကြောင်း၃ချက်ကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကပြောသည်။
“နိုင်ငံခြားတင်သွင်းဆီက စျေးနှုန်း(၄) ဆလောက် တက်သွားတယ်။ တက်သွားတဲ့အကြောင်းက နိုင်ငံခြားတင်သွင်းတဲ့ စားသုံးဆီက လက်ရှိမူဝါဒအရ တင်သွင်းမှု(၃၅)ရာခိုင်နှုန်း လျော့ချလိုက်တယ်။ မြန်မာငွေတန်ဖိုးကလည်း လျော့ကျသွားတယ်။ နိုင်ငံခြားကတင်သွင်းတဲ့ ဆီတွေရဲ့ ကမ္ဘာ့စျေးနှုန်းတွေကလည်း မြင့်တက်သွားတယ်။ အဲဒီအကြောင်း(၃)ရပ်ကြောင့် နိုင်ငံခြားက
တင်သွင်းတဲ့ စားသုံးဆီစျေးစျေး (၄)ဆတက်သွားတာပါ။ အရင်က စားအုန်းဆီ တစ်တန်ကို ဒေါ်လာ(၅၀၀) ကျော်ရှိရာက အခုဒေါ်လာ(၁၄၀၀) ကျော် (၁၅၀၀) နီးပါးအထိ တက်သွားတယ်။ ဆက်ပြီး စျေးနှုန်းတက်အုံးမယ်လို့ မှန်းထားတယ်”ဟု ဦးထွန်းထွန်းဦးကပြောသည်။
မုံရွာနှင့်မန္တလေး အသွားအပြန်ကုန်တင်ပြေးဆွဲနေသော ကုန်ကားတစ်စီး၏ ကုန်ကျစရိတ်သည် ၂၀၂၀-၂၀၂၁ ခုနှစ်က ၁သိန်း၃သောင်းကျပ် ကုန်ကျခဲ့ရာမှ ယခုတွင် စက်သုံးဆီစျေး အပါအဝင် အခြားကုန်ကျစရိတ် မြင့်တက်နေမှုကြောင့် ၁သိန်း၉သောင်းခန့် ကုန်ကျနေကြောင်း သိရသည်။
အစစစျေးတက်နေသည့်အတွက် မုံရွာ-မန္တလေးပြေးဆွဲသော ကုန်ကားများအနေဖြင့် ပီနန်အိတ်တစ်လုံးလျှင် ယခင်က ကျပ်၂၀၀၀ ဖြင့် ဝန်ဆောင်ပေးနေရာမှ ယခုအခါ ကျပ် ၃၅၀၀ ဖြင့် ဝန်ဆောင်ပို့ပေးနေရကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/06/%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%99%e1%80%be%e1%80%a1%e1%80%85%e1%80%9c%e1%80%b0%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%af%e1%80%94/