ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်း
လက်ရှိတွင် ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေးနှုန်း ၁၀ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။
ယခုကာလမှာ နှစ်စဉ်ပြောင်းဈေးအေးသည့်ကာလဖြစ်ပြီး ဇွန်လ အတွက် Normal Trade မှာ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ရပ်လုနီးပါးဖြစ်နေကြောင်း ကုန်သည်များ ထံမှသိရသည်။ ထို့အပြင် Border Trade မှာလည်း ပုံမှန်တင်ပို့မူထက် အနည်းငယ်အေးနေသည့် အနေအထားတွင် ရှိသောကြောင့် ပြောင်းဈေးမှာ ကျဆင်းနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း မှ ဦးမင်းခိုင် ထံက သိရသည်။
ပြီးခဲ့သည့် မေလက ပြောင်းတစ်ပိဿာလျှင် ၁,၂၀၀အထိ ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရန်ကုန်ဈေးအနေဖြင့် ပြောင်းတစ်ပိဿာလျှင် ၁,၀၄၀ ကျပ် မှ ၁,၀၅၀ ထိ ပေါက်ဈေးရှိကာ မြဝတီဈေးအနေဖြင့် တစ်ပိဿာလျှင် ၁,၁၀၀ မှ ၁,၁၂၅အထိသာ ပေါက်ဈေးရှိကြောင်း သိရသည်။
မြန်မာသင်္ဘောတင် (FOB) ပြောင်းကုန်စည် ရောင်းဝယ်မှုမှာ Earning နှင့် Shiping line အခက်အခဲများကြောင့် ရပ်ဆိုင်းရမည့်အခြေအနေတွင် ရှိနေပြီး ထိုင်းနိုင်ငံ ပြည်တွင်းကလည်း ပြောင်း ထွက်ရှိနေ၍ ထိုင်း (မြဝတီ) ရောင်းဝယ်မှုကလည်း ဈေးအေးအဝယ်နည်းနေကြောင်းသိရသည်။
လာအို နိုင်ငံမှ ထိုင်း၊ တရုတ် ရောင်းသည့် ပြောင်းဈေးကွက် ဝေစု ဝင်လုလာ၍ အရောင်းဝယ် ကျဆင်းနေခြင်းလည်း ဖြစ်ကြောင်း ပြောင်းကုန်သည်များက သုံးသပ်ပြောကြားထားသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/06/22/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%af-%e1%80%9b%e1%80%95%e1%80%ba%e1%80%9c%e1%80%af%e1%80%94%e1%80%ae/